မိုခါမုန်တိုင်းမဝင်မီကတည်းက စစ်ကြောင်းရှောင်ထွက်ပြေးနေရသော ခင်ဦးမြို့နယ်အတွင်းရှိ ထောင် နှင့်ချီသော ပြည်သူများမှာ ယနေ့ထိတိုင် ရွာမပြန်နိုင်သေးကြောင်း သိရသည်။
မေလ၇ရက်နေ့မှစတင်ကာ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်၊ဧရာဝတီမြစ်အနောက် ဘက်ကမ်းကျေးရွာများသို့ စစ်ကြောင်းထိုးခဲ့ရာ မေလ၁၃ရက်နေ့စာရင်းအရ ထွက်ပြေးတိမ်း ရှောင်နေရသည့် ဒေသခံ ၂၀၀၀ကျော်ရှိကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရသည်။
“ ဒီနေ့အထိ စစ်ဘေးရှောင်တွေက ဒုက္ခရောက်နေတုန်းပဲ ။နေအိမ်တွေလည်း ပြန်မရတော့ နေစရာမရှိ၊စားနပ်ရိက္ခာတွေကလည်းလိုနဲ့ပေါ့။အဲ့မီးရှို့ခံရတဲ့ နေရာတွေမှာလည်း ရေကြီးနေတယ်။အခုတော့ ပြန်ကျနေပါပြီ” ဟု ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် မေလ ၇ ရက်နေ့မှ ၁၂ရက်နေ့အတွင်း ခင်ဦးမြို့နယ်၊ဧရာဝတီမြစ်အနောက်ဘက်ကမ်းကျေးရွာများ ဖြစ်သည့် ကဘွက်ရွာ၊ကုတ္တက်ရွာ၊ ရုံးပင်ရွာ ၊ သင်ပေါင်းရွာ၊သရက်ကုန်းရွာနှင့် တောင်ဘို့ရေကျေးရွာတို့သို့ စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ် ၂၀၀ကျော်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားသည်။
“ ဧရာဝတီမြစ် အရှေ့ဘက်ကနေ သင်္ဘောနဲ့ ကူးလာတဲ့ စစ်သားတွေက ရွာ ၆ရွာကို မီးရှို့တာပါ။သူတို့အင်အားက ၂၀၀ကျော်တယ်။မီးရှို့ခံရတဲ့ ရွာ ၆ရွာက နေအိမ် ၂၀၀လောက် မီးလုံးဝလောင်ပြီး အိမ်တိုင်နဲ့ ပြာပဲကျန်တယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်သည် ကဘွတ်ကျေးရွာက အိမ် ၁၅၀ ၊ကုတ္တက်ကျေးရွာက အိမ် ၃၀၊ ရုံးပင် ကျေးရွာက ၂၄လုံး၊သင်ပေါင်းကျေးရွာနဲ့သရက်ကုန်း ကျေးရွာက ၁၂လုံးစီနဲ့ တောင်ဘို့ရေကျေးရွာက ၂လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့သည်။
မေလ ၁၄ရက်နေ့က တိုက်ခတ်ခဲ့သည့် မိုခါမုန်တိုင်း ဒဏ်ကြောင့် ခင်ဦးမြို့နယ်၊အနောက်ခြမ်းရှိ ရွာပေါင်း ၄၉ရွာမှ နွေရာသီ သီးနှံများဖြစ်သည့် ပဲတီစိမ်း၊ မတ်ပဲ၊ နှမ်း၊ ငရုပ် အပြင် ဂန္တမာပန်း ခင်းများအပါအဝင် စိုက်ဧကပေါင်း တစ်သောင်း ကျော် ရေနစ်ပျက်စီးခဲ့ပြီး ခင်ဦး-ရေဦး နယ် မူးမြစ်ကူးတံတား(ကိုယ်ထူကိုယ်ထ စစ်ရှောင်တံတား)တစ်ခု ကျိုးပဲ့ပျက်စီးသွားခဲ့ကြောင်း MPA က စုံစမ်းသိရသည်။