ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကျောက်မိုင်းဒေသရှိ လတ်ခတ်တောင်အနီးတစ်ဝိုက်ကို ယနေ့ နံနက်အစောပိုင်း ၃ နာရီခွဲအချိန်ခန့်၌ စစ်ကောင်စီမှ Jet Fighters လေယာဉ်ဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်စစ်ကြောင်းထံမှ သိရသည်။
ယင်းသို့တိုက်ခိုက်ခံရသော နေရာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်များ၊ စစ်ကောင်စီလက်အောက်ခံ BGF တပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
” လေယာဉ်ပစ်သွားတဲ့နေရာက ကျတော်တို့ ကျားသစ်နက်နဲ့ ကော်ဘရာစစ်ကြောင်းပူးပေါင်းပြီး တိုက်ပွဲဖြစ်နေတဲ့ နေရာကိုပစ်သွားတာပါ။ စခ(စစ်ကောင်စီ) တွေ စခန်းတက်ဖို့ကြိုးစားနေတယ် “ ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။
ယနေ့ မေလ၊ (၁၇) ရက်နေ့၊ နံနက် ၃ နာရီ ၂၅မိနစ် အချိန်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာ တစ်စင်းအားအသုံးပြု၍ အလစ်ငိုက် ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း PDF ပူးပေါင်းတပ်ဖွဲ့များ အထိခိုက် တစ်စုံတစ်ရာမရှိခဲ့ကြောင်းကိုလည်း ကျားသစ်နက်စစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲအခြေအနေနှင့်စပ်လျဉ်း၍ မေးမြန်းရာ” အခုမနက်လည်း လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတယ်။ တိုက်ပွဲက ဖြစ်နေတယ်။ စစ်ကြောင်းထိုးဖို့လုပ်နေတာပေါ့ “ ဟု ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်တစ်ဦးက ပြောသည်။
လက်ရှိတွင် ကျားသစ်နက်စစ်ကြောင်း၊ တပ်မဟာ ၆ KNU/KNLA ပူးပေါင်းတပ်ဖွဲ့၊ ကော်ဘရာစစ်ကြောင်း (၁)၊ ကော်ဘရာစစ်ကြောင်း(၂)၊ Federal Wings၊ Golden Eagle၊ ရောင်နီအဖွဲ့တို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်များအား တိုက်ခိုက်ချေမှုန်းနေခြင်းဖြစ်သည်ဟု သိရသည်။
၂၀၂၃ ခုနှစ်၊ မေလ၊ ၁၁ ရက်နေ့ မှ ၁၆ ရက်နေ့အတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ် ခမရ (၁၁၈)၊ ခလရ (၈)၊ ခလရ (၂၇၅) နှင့် ၎င်းလက်အောက်ခံ BGF 1019 တပ်ရင်းတို့အကြား လက်ခတ်တောင်ကျောက်မိုင်းတဝိုက်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ အထိခိုက်အကျဆုံး အများအပြားရှိခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် (၁၀) ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ရဲဘော်တစ်ဦး အသက်ဆုံးရှုံးခဲ့ရကြောင်းလည်း စုံစမ်းသိရှိရသည်။