စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ ခြေမြန်တပ်ရင်း ၃၆၁နှင့် ၃၆၈ တပ်ဖွဲ့ဝင်များသည် မေလ ၁ ရက်နေ့မှကာ မေလ ၁၂ ရက်နေ့များတွင် ဆက်တိုက်ဆိုသလို ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ကျွန်းလှ- ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ သိရသည်။
၎င်းအဖွဲ့၏ ထုတ်ပြန်ချက်များအရ မေလ ၁ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များ၏ ရွာစဉ်လှည့်လည် မီးရှို့ဖျက်ဆီးမှုများမှာ ခရိုင်တွင်း ကျေးရွာ ရှစ်ရွာမှ ပြည်သူပိုင်နေအိမ် ၁၇၈ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဆက်တိုက်ဆိုသလို စစ်ကြောင်းထိုး မီးရှို့မှုများ လုပ်လာခဲ့သည့် မေလ ၁၁ ရက်နေ့ နံနက် ၇ နာရီ မိနစ် ၂၀ ခန့်က ကန့်ဘလူမြို့နယ် ယမနေယာယီအထိုင်မှ ထွက်လာသော အင်အား ၁၂၀ ခန့် ရှိသည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း ၃၆၁ သည် ဖုတ်ကုန်းကျေးရွာအနီးတွင် တိုက်မိုင်းများ မိကာ အထိအခိုက် အကျအဆုံး ရှိခဲ့ကြောင်း သိရသည်။
” ရွာစဉ်လှည့်လည်ပြီးခိုးဆိုးလုယက်သတ်ဖြတ်နေသော ခမရ-၃၆၁အကြမ်းဖက်စစ်ကြောင်းရဲ့ မီးရှို့မှုကြောင့် ကန့်ဘလူမြို့နယ်အတွင်းက ထောက်ရှာအိုင်ကျေးရွာမှာ အိမ်ခြေအလုံး၈၀ကျော် မီးလောင်ကျွမ်းခံခဲ့တယ်။ တိုက်မိုင်းမိတော့ လက်နက်ကြီးတွေနဲ့ ရွာပတ်ပတ်လည်ကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်” ဟု ကန့်ဘလူ တက်ကြွလှုပ်ရှားသူအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ အတည်ပြု ပြောပါသည်။
Kanbalu Underground Warriors အဖွဲ့နှင့် ဒေသခံပကဖများမှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည့်အတွက် ယင်း ခမရ ၃၆၁ တပ်ရင်းသည် ဖုတ်ကုန်းရွာထဲသို့ မဝင်တော့ဘဲ ပေကြီးရွာဘက်သို့ ဦးတည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထိုသို့ဆုတ်ခွါသွားသောစစ်ကြောင်းအား မြေပြင်ရဲဘော်များမှ ထပ်မံပြီးမိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီဘက်မှ ၃ယောက်ထိပြီး အပြင်းအထန်ထိခိုက်ဒဏ်ရာရရှိသွားသည်ဟုသိရပါသည်။ မိမိတို့မြေပြင်တပ်အဖွဲ့မှာ အထိအခိုက်မရှိဘဲ အောင်မြင်စွာဆုတ်ခွါနိုင်ခဲ့သည်ဟု တော်လှန်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။
မေလ ၁၁ ရက်နေ့တွင်လည်းကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီလက်အောက်ခံ ခမရ တပ်ရင်း၃၆၁ နှင့် ၃၆၈ တပ်ဖွဲ့ဝင်များသည် ထန်းကုန်းတိုက်နယ်အတွင်းရှိ သရက်ခေါင်းနှင့် ဖလံချိုင်ရွာတို့အား ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ သရက်ခေါင်းကျေးရွာမှ ပြည်သူပိုင်နေအိမ် ငါးလုံးနှင့် စာသင်ဆောင် နှစ်ဆောင်၊ ဖလံချိုင်ရွာမှ နေအိမ် ၂၆ လုံး မီးလောင်ပျက်ဆီးခဲ့ကြောင်း သိရသည်။
အလားတူ မီးရှို့ဖျက်ဆီးမှုမျိုးကို ပြန်လည် ဆုတ်ခွာသွားသော ခမရ တပ်ရင်း ၃၆၁ သည် မေလ ၁၂ ရက်နေ့ကလည်း ဇီးကုန်းတိုက်နယ်၊ ခအုံးတာ ကျေးရွာအား စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၃ လုံးအား မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း သိရသည်။