ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်၊ မုဒိတာအိမ်ရာသို့ ဧပြီလ ၂၄ ရက်နေ့ နံနက် ၁၂ နာရီခွဲခန့်က စစ်ကောင်စီမှ ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်ခဲ့သည့်အတွက် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ပစ်ခတ်ခံရမှုကြောင့် တစ်ဦးသေဆုံးပြီး လူငယ် ၅ ဦး ဖမ်းဆီးခံလိုက်ရကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးထံမှ စုံစမ်းသိရသည်။
“ စီဆောင်ကို သတင်းကြားလို့ ဝင်စစ်တာ ပစ်ခတ်သံကြားရပြီး မဆိုင်တဲ့သူတွေ ထွက်မကြည့်နဲ့ အကုန်ပစ်သတ်မယ်လို့ ပြောသံကြားရတယ်။ မီးလည်းဖြတ်ချလိုက်တယ်” ဟု ယင်းရပ်ကွက်နေ ပြည်သူက MPA သို့ အတည်ပြု ပြောသည်။
ကနဦး စုံစမ်းချက်အရ ယင်း မုဒိတာအိမ်ရာဝန်း၏ (C) အဆောင်တွင် (၂) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖြစ်သူလည်း နေထိုင်သည်ဟု ဆိုသည်။ ၎င်းသည်ယခင်က ကြံ့ခိုင်ရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး ဖြစ်ခဲ့ပြီး အာဏာသိမ်းကာလတွင် စစ်ကောင်စီက လက်နက်နှင့် လုံခြုံရေးပါ ပေးထားရသည့် သူတစ်ဦးဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။
“ သတင်းအတိအကျရလို့ ဖြစ်မယ်။ အခန်း ၄၀၉ ကို လာရှာတာ။ အဲ့ဒီမှာ လူငယ်တွေနေကြတာ လက်နက်တွေလည်း တွေ့တယ်လို့ ကြားတယ်။ တစ်ဦးက ပြန်လည် ခုခံလို့ ပစ်သတ်ပြီး ၅ ဦး ဖမ်းသွားတယ်” ဟု အိမ်ရာဝန်းအတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။
အဆိုပါ တိုက်ခန်းကို စစ်ကောင်စီမှ လာရောက်ရှာဖွေခဲ့ခြင်းသည် ခရမ်းမြို့နယ်တွင် ဖမ်းဆီးခံရသည့် လူငယ် ၆ ဦးနှင့် ဆက်နွယ်နေသည်ဟုဆိုကာဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေသူအချို့ထံမှ သိရသည်။