မကွေးတိုင်း၊ မြိုင်မြို့နယ်မန်ကျည်းကန်ရွာကို စစ်ကောင်စီတပ်က Mi35 ရဟတ်ယာဥ်အသုံးပြုကာ ဧပြီ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ပစ်ခတ်ခဲ့သည်ဟု မန်ကျည်းကန်ရွာ ဒေသခံများဆီက သိရသည်။
စစ်ကောင်စီတပ်က Mi 17 ရဟတ်ယာဥ် နှစ်စင်းနှင့် စစ်သားများကို မန်ကျည်းကန်ရွာတွင်ချပြီး Mi 35 ရဟတ်ယာဥ်နှင့် ကျေးရွာအတွင်းကို ပတ်ပစ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသကာကွယ်ရေး PDF ရဲဘော်တစ်ဦးက ဆိုသည်။
“ လေယာဥ်နဲ့ ပတ်ပစ်သွားတာ။ ရွာထဲကိုပစ်တာလည်း တစ်နာရီလောက်ကြာတယ်။ ဆေးရုံရှိတယ်။ လူနာတွေလည်းရှိတယ်။ အဲ့ဒီကိုလည်း ထိတယ်ကြားတယ်။ အတည်မပြုနိုင်သေးဘူး” ဟု အဆိုပါ PDF ရဲဘော်က ဆိုသည်။
စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု ပစ်ခတ်ခြင်းများကြောင့် ဒေသခံများ ထိခိုက်မှုရှိနိုင်သည်ဟု သိရှိရသော်လည်း MPA အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။
ထိုအခြေအနေများဖြစ်ပေါ်ပြီးနောက် မန်ကျည်းကန်ရွာတွင် မီးခိုးလုံးများတွေ့မြင်ခဲ့ရသည်ဟုလည်း အနီးနားရှိကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို ဧပြီ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်မှုကြောင့် လူရာချီသေဆုံးခဲ့ရသည်။