ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မဲကနယ်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း၌ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ Cobra စစ်ကြောင်း (၂)၊ Venom PDF စစ်ကြောင်းမှ ရဲဘော်များနှင့် စစ်ကောင်စီတပ်များအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Venom PDF စစ်ကြောင်းထံမှ သိရသည်။
ယနေ့ နံနက် ၆ နာရီခွဲအချိန်ခန့်မှစတင်၍ KNU ယူနီဖောင်းများဝတ်ဆင်ကာ ပုံမှားရိုက်အယောင်ဆောင်ပြီး စစ်ကြောင်းထိုးတက်လာသော စစ်ကောင်စီတပ်သားများနှင့် Venom PDF စစ်ကြောင်းတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားနေခြင်း ဖြစ်သည်။
“ စစ်ကြောင်းထိုးလာတဲ့ အင်အားက ၇၀၊ ၈၀ ကြားရှိတယ်။ အတိအကျပြောဖို့တော့ ခက်ခဲနေပါသေးတယ်။ လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်နေဆဲပါဘဲ ” ဟု ရဲဘော်တစ်ဦးက ဆိုသည်။
လက်ရှိအချိန်ထိ စစ်ကောင်စီဘက်မှ ၂ ဦး သေဆုံးပြီး ၄၀ မမ တစ်လက် နှင့် AK တစ်လက်တို့ သိမ်းဆည်းရမိခဲ့သည်ဟု Venom Column သတင်းပြန်ကြားရေးတာဝန်ခံ၏ သတင်းထုတ်ပြန်ချက်ချက်အရ သိရှိရသည်။
မဲကနယ်ကျေးရွာတွင် ပြီးခဲ့သည့် မတ်လကုန်ပိုင်းမှစတင်၍ PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်များအပါအဝင် ၎င်းလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) တို့အကြား ထိတွေ့တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားရာ အနီးရှိကျေးရွာများကို လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ဒေသခံပြည်သူများ၏ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည်။
VENOM PDF စစ်ကြောင်းသည် ဧပြီလ (၆) ရက်နေ့တွင် ဗိုလ်ဒါဘောဦးဆောင်သော ကော်ဘရာစစ်ကြောင်းထံ၌ လာရောက်ပူးပေါင်းခဲ့သော စစ်ကြောင်းတစ်ခုလည်း ဖြစ်သည်။