အာဏာသိမ်း စစ်ကောင်စီတပ်သည် စစ်တိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှ ပဇီကြီးရွာကို ယနေ့တွင် လေကြောင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရှိရပြီး ထိခိုက်သေဆုံးသူ တစ်ရာထက်မနည်းရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။
“လက်ရှိတော့ ကျွန်တော်တို့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။ အခု ထိခိုက်နဲ့ သေဆုံး ၁၀၀ ကျော်မယ်လို့ ကြားနေရတယ်”ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။
စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေး ရုံးခန်းဖွင့်ပွဲကို ဦးတည်ပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့ဖြစ်သည်ဟု ကနဦး စုံစမ်းသိရှိရသည်။
လက်ရှိတွင် အွန်လိုင်းတွင် ပျံ့နှံ့နေသည့် ယင်းတိုက်ခိုက်မှုဖြစ်စဉ် ဗီဒီယိုထဲတွင် “အော်သံလေးတွေကြားရင် ကယ်ပေးကြပါဦး”ဟုဆိုသည့် ကယ်ဆယ်ရေးပြုလုပ်နေသူများ၏ အသံများကို ကြားရလျက်ရှိသည်။
ကူညီကယ်ဆယ်ရေးအဖွဲ့များအနေဖြင့် အသက်ရှင်နိုင်သေးသည့်သူများကို ဆက်လက် ရှာဖွေလျက်ရှိနေကြသည်။ သေဆုံးသူများထဲတွင် အသက်မပြည့်သေးသည့် ကလေးငယ်များလည်း ပါဝင်နိုင်ကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရသည်။
ယင်းသို့ စစ်ကောင်စီက MI-35 လေယာဥ်တစ်စင်းဖြင့် တိုက်ခိုက်ပြုလုပ်ပြီးနောက် လက်ရှိတွင် ပဇီကြီးရွာမှ ဒေသခံများအနေဖြင့် စစ်ဘေးရှောင်နေကြရသည်။