စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ဧပြီ ၆ ရက်နေ့က စစ်ကောင်စီစစ်ကြောင်း၏ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဒေသခံ ၄ ဦးသည် ဧပြီ ၇ ရက်နေ့ နံနက်ပိုင်းက ပြန်လည်လွတ်မြောက်လာသည်ဟု စုံစမ်း သိရှိရသည်။
လွတ်မြောက်လာသော အဖမ်းဆီးခံ ဒေသခံ ၄ ဦးသည် ချောင်းနားရွာမှ (သားအဖ ၃ ဦး) ၅၅ နှစ်၊ ၃၂ နှစ်၊ ၁၇ နှစ်အရွယ်နှင့် နှောရိုးရွာမှ ၁၄ နှစ်အရွယ် ကလေးတစ်ဦးဖြစ်သည်ဟု စုံစမ်း သိရှိရသည်။
“ဒီကောင်တွေက မနက်အစောကြီးကတည်းက နှောရိုးချောင်းထဲ ရောက်နေတာထင်ပါတယ်။ ဦးလေးတို့ တောတိုက်ရောက်တော့ လှမ်းမြင်နေရပြီ။ ဒါနဲ့သားနှစ်ယောက်ကို ပြေးခိုင်းတာ မလွတ်တော့ဘူး”ဟု ဖမ်းဆီးခံခဲ့ရာမှ ပြန်လည်လွတ်မြောက်လာသူ အသက် ၅၅ နှစ်အရွယ် အမျိုးသားက MPA သို့ ပြောသည်။
နှောရိုးရွာမှ ၁၄ နှစ်အရွယ် ကလေးတစ်ဦးသည် နွားကျောင်းနေရင်း စစ်ကောင်စီ စစ်ကြောင်းထိုးလာသည်ကို မြင်၍ ကောက်ရိုးပုံအတွင်း ဝင်ပုန်းနေရာမှ အဖမ်းခံလိုက်ရသည်ဟု ဆိုသည်။
“ဦးလေးတို့က မိသားစုအလိုက် တောတိုက်မှာ နေတာလေ။ စစ်ကြောင်းရှိတယ်လို့ ဘယ်ကမှ သတင်းမရဘူး။ အထဲဝင်လာမှသိရတာ။ သားတွေကလည်း ပြေးခိုင်းတာ မပြေးဘူး။ ပြေးလည်း မလွတ်တော့ပါဘူး။ လိုက်အပစ်ခံရမှာပဲ။ သူတို့ (စကစ) က သားနှစ်ယောက်ကိုပဲ ခေါ်တာ ဦးလေးကို မခေါ်ဘူး။ ဦးလေးကလည်းမရဘူး။ သူတို့နှစ်ယောက်တည်း စိတ်မချဘူး ကျုပ်ပါ လိုက်မယ်ဆိုပြီး လိုက်သွားတာ”ဟု ၎င်းက ဆက်လက်ပြောပြသည်။
ထို စစ်ကောင်စီ၏ စစ်ကြောင်းက ဖမ်းဆီးခဲ့သည့် ဒေသခံ ၂၀ ဦးခန့်ရှိသည်ဟု စုံစမ်းသိရှိရပြီး စစ်ကောင်စီ စစ်သားများသည် ယင်းဒေသခံများနှင့်အတူ တစ်ယောက်ခြားနေရာယူ၍ ကန့်ဒေါင့်ရွာအထိ ဓားစာခံအဖြစ် ခေါ်ဆောင်သွားကြခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
“သူတို့ (စကစ) ကြားမှာ သူတို့နဲ့ တစ်ယောက်ခြားလိုက်ရတယ်။ လမ်းလျှောက်တာကတော့ အဖြောင့်တိုင်း မလျှောက်ရဘူးဗျ၊ မြွေလိမ်မြွေကောက်လျှောက်ရတာ။ ခပ်ခွာခွာလိုက် ခပ်ခွာခွာလိုက်နဲ့ အကုန် အော်ငေါက်နေတာ။ စစ်သားကတော့ မရဘူး။ အကုန်ဗိုလ်ချည်းပဲ။ ဟိုလူက ငေါက်လိုက် ဒီလူက ငေါက်လိုက်နဲ့”ဟု ပြန်လည်လွတ်မြောက်လာသူ အသက် ၅၅ နှစ်အရွယ် အမျိုးသားက ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
ယင်းစစ်ကြောင်းတွင် စစ်ကောင်စီ၏ အင်အား ၁၀၀ ခန့်ရှိသလို ထိုအင်အား ၁၀၀ ခန့်သည် တပ်ခွဲ ၃ ခွဲဖြစ်သည်ဟု သိရပြီး ဖမ်းဆီးခံရသူများကိုလည်း ၃ ဖွဲ့ ခွဲထားသည်ဟု ဆိုသည်။
ယင်းနေ့ နံနက်က မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) မှ ဆိုင်ကယ်ဖြင့် ကင်းပတ်နေသည့် ရဲဘော် ၄ ဦးသည် အဆိုပါ စစ်ကြောင်းနှင့်တိုး၍ အနီးကပ်ပစ်ခတ်ခံခဲ့ရပြီး ယင်းဖြစ်စဥ်အား ၎င်းတို့ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရသည်ဟု MPA သို့ ပြောသည်။
“ပထမ ဆိုင်ကယ်တစ်စီးနဲ့ ကလေးတစ်ယောက်ဖြတ်သွားတယ်။ အဲ့ဒီဆိုင်ကယ်ရဲ့နောက်ကမှ ဆိုင်ကယ်နှစ်စီးနဲ့ ရဲဘော်လေးယောက်က စကားတပြောပြောနဲ့ စီးလာတာ။ သူတို့က လက်နက်ငယ်လာတယ် အသင့်ပြင် အသင့်ပြင်နဲ့ ပြောနေတာ အနားရောက်တာနဲ့ လက်နက်ကြီး လက်နက်ငယ်နဲ့ စီးပစ်တာပဲ”ဟု ၎င်းက ပြောသည်။
အဆိုပါပစ်ခတ်မှုကြောင့် ဒေသခံကာကွယ်ရေးရဲဘော် ၂ ဦးကျဆုံးပြီး၊ တစ်ဦးအဖမ်းခံခဲ့ရကာ တစ်ဦးလွတ်မြောက်သွားသည်ဟု စုံစမ်းသိရသည်။