မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းလှမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ အမှတ်၁၀ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ ၁၀) အား ဧပြီလ ၇ ရက်နေ့ ည ၈ နာရီခွဲတွင် ၁၀၇ မမ ရှော့တိုက်ဒုံး (၂) လုံးဖြင့် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA _မကွေး) ထံမှ သိရှိရသည်။
တိုက်ခိုက်မှု စစ်ဆင်ရေးတွင် ယင်း ကပစ စက်ရုံ၏ အဆောင်အအုံများ မီးလောင်ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်သားများလည်း သေဆုံးမှုရှိကြောင်း PRA မကွေးထံမှ သိရှိရသည်။
“ ကျွန်တော်တို့ စစ်ဆင်ရေး Mission ဆောက်ရွက်ဖို့အတွက် သတင်းအချက်အလက်တွေ များစွာ စုဆောင်းခဲ့ရပါတယ်။ တပ်တွင်း စုံစမ်းရမိတဲ့ သတင်းတွေအရ တရုတ်၊ မြောက်ကိုရီးယား၊ ရုရှားကနေ စစ်လက်နက်ထုတ်လုပ်ရေးပညာရှင်တွေ ရောက်နေတယ်ဆိုတာ ကျွန်တော်တို့ သတင်းအတိအကျ ရခဲ့ပါတယ်” ဟု စစ်ဆင်ရေး အခြေအနေအား PRA မကွေးမှ စစ်ဦးစီးချုပ် ဟာကျူလီက MPA သို့ ပြောပြသည်။
ထိုပညာရှင်များထဲမှ တရုတ်နှင့် မြောက်ကိုရီးယား ပညာရှင်များအား ရုရှားပညာရှင် (၃ဦး) မှ ဦးစီး၍ 122 မစ်ဆိုင်း (အတွဲလိုက် ပစ်ခတ်နိုင်သည့် ဒုံးကျည်မျိုး)၊ တင့်ကားသုံး ဒုံးကျည်၊ တာဝေးပစ် ဒုံးကျည်များ ထုတ်လုပ်လျက်ရှိသည်ဟု PRA မကွေးမှ ဆက်လက်ရှင်းပြသည်။
“ ကျွန်တော်တို့ စစ်ဆင်ရေးအတွက် ကြိုတင်ပြင်ဆင်နေတုန်းမှာပဲ ဒီပညာရှင်တွေ ရောက်နေတယ်ဆိုတာ သိခဲ့ရတယ်။ ကြိုပြင်ဆင်ထားဟာနဲ့ ကွက်တိကျသွားတာပါ” ဟု PRA မကွေးမှ စစ်ဦးစီးချုပ် ဟာကျူလီက ပြောပြသည်။
PRA မကွေးအနေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလ ၂၉ ရက်ကလည်း မကွေးလေတပ်အား ရှော့တိုက်ဒုံး (၃လုံး) ဖြင့် စတင် တိုက်ခိုက်ခဲ့ပြီးနောက် နောက်ထပ်စစ်ဆင်ရေးများအား အခြားသော မဟာမိတ်များနှင့် ပူးတွဲ၍ လည်းကောင်း၊ ရင်ဆိုင် တိုက်ပွဲများ တိုက်ခိုက်၍ လည်းကောင်း စဉ်ဆက်မပြတ် တိုက်ခိုက်လျက် ရှိသည်ဟု စုံစမ်းသိရှိရသည်။
သရက်ခရိုင်၊ မင်းလှမြို့နယ် အခြေစိုက် စစ်ကောင်စီ၏ အမှတ်၁၀ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ ၁၀) အား တိုက်ခိုက်မှု စစ်ဆင်ရေးတွင် မဟာမိတ် တော်လှန်ရေး ညီနောင်များ ဖြစ်သော People’s Revolution Alliance (PRA_Magway )၊ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အထက်မင်းလှ ပ.က. ဖ )၊ မကွေးတောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SMPDF )၊ အရှိုချင်းကာကွယ်ရေးတပ် (ACDF) နှင့် Key of Revolution ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု PRA မကွေးမှ သတင်းထုတ်ပြန်ထားသည်။
PRA မကွေးအနေဖြင့် လက်ရှိစစ်ဆင်ရေး၌ ပါရှိသော မဟာမိတ် တော်လှန်ရေး ညီနောင်များနှင့် ယခု စစ်ဆင်ရေးမှာ ပထမဆုံး စစ်ဆင်ရေး ဖြစ်သော်လည်း ယခင်ကတည်းက အခြားသော စစ်ဆင်ရေးများတွင်လည်း အပြန်အလှန် အကူအညီ ပေးမှုများရှိခဲ့ကြသည်ဟု ဆိုသည်။
မင်းလှအခြေစိုက် ကပစ (၁၀) အနေဖြင့် စစ်ကြောင်း ထိုးခြင်းမျိုး မရှိခဲ့သော်လည်း ယခင်ကတည်းက တော်လှန်ရေး အင်အားစုများအား ဖမ်းဆီးနှိပ်စက်ခြင်းနှင့် ဖိနှိပ်မှုများပြုလုပ်ခဲ့သည့် နောက်ကွယ်မှ အကြီးမားဆုံး ထောက်တိုင်တစ်ခုဖြစ်သည်ဟု စုံစမ်းသိရှိရသည်။