ကချင်ပြည်နယ် ဖားကန့်ဒေသတွင်းရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို သက်တမ်းတိုးပေးမှု ရပ်ဆိုင်းထားသော်လည်း ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများမှာ ရပ်တန့်မသွားဘဲ ညအချိန်ရောက်မှသာ စက်ယန္တရားများကို လည်ပတ်တူးဖော်နေတာတွေ လုပ်နေဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။
ဖားကန့်ဒေသရှိ ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းများကို အာဏာသိမ်းပြီး ၆ လ အကြာမှစတင်ကာ ယခုအချိန်ထိ လုပ်ငန်းများမှာ လည်ပတ်နေဆဲ ဖြစ်ကြောင်း၊ ကျောက်စိမ်းတူးဖော်ရေးအတွက် စက်ယန္တရားများ လည်ပတ်ချိန်သည် ညနေမှော်ရီပျိုးချိန်ရောက်လျှင် ပုံမှန်စတင်လည်ပတ်ပြီး နံနက်ရောက်လျှင် ရပ်တန့်သွားကြောင်း ဒေသခံများက MPA သို့ အတည်ပြုပြောကြားသည်။
အရင်ကလည်း ညအချိန် တူးဖော်တာတွေ ရှိတယ်ဆိုပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်းမှာ အရင်ထပ် ညအချိန်ကို ပိုတူးတာတွေ များလာတယ်။ ကုမ္ပဏီအဟောင်းတွေကလည်း အာဏာသိမ်း စစ်တပ်နဲ့ ပေါင်းပြီး လုပ်တာတွေ ရှိသလို ဒီဘက်အဖွဲ့တွေနဲ့ ပေါင်းပြီး တူးနေတာတွေလဲ ရှိနေတယ် ဟု MPA ကို ပြောသည်။
ဖားကန့်ဒေသရှိ ကျောက်စိမ်းနှင့် ကျောက်မျက် တူးဖော်ရေး လုပ်ငန်းများကို ၂၀၁၆ ခုနှစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD လက်ထပ်မှ စတင်ကာ တူးဖော်ရေး လုပ်ငန်းလိုင်စင်များကို သက်တမ်းတိုးခြင်း၊ အသစ်ပြန်လည် ချထားပေးခြင်းများကို ရပ်ဆိုင်းခဲ့သည်။ ကချင်ပြည်နယ်အတွင်းရှိ အုန်းခင်း၊ ဖားကန့်၊ မော်လူး၊ မော်ဟန် ဒေသတွေမှာ ကျောက်စိမ်းရိုင်း တူးဖော်ရေး လုပ်ငန်းများကို ၂၀၂၁ ခုနှစ် မတ်လက စတင်ကာ ဆက်လက်တူး ဖော်ခွင့်မပြုကြောင်းကိုလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မြတ်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းက ထပ်မံ ထုတ်ပြန်ခဲ့သည်။ သို့သော်လည်း ခြောက်လ အကြာမှာ ဆက်လက်တူးဖော်မှုများ လုပ်ဆောင်နေဆဲ ဖြစ်သည်။
ယခုဆိုလျှင် သက်တမ်းကုန်နေသည့် ကုမ္ပဏီများသာမက ငွေကြေးတက်နိုင်သူများကပါ စစ်ကောင်စီ၊ ကချင်လွတ်မြောက်ရေး တပ်မတော် KIA အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ခွဲဝေပေးသည့် မြေများကို အစုရှယ်ယာများ ခွဲဝေမှုနှင့် တူးဖော်လုပ်ကိုင်နေသည်ဟု ဒေသခံများက ပြောကြားသည်။ ထိုအထဲတွင် စစ်ကောင်စီမှ အာဏာသိမ်းပြီးနောက် စစ်ကောင်စီ လက်ဝေခံ ကုမ္ပဏီများသည် ကျောက်စိမ်းတူးဖော်မှုများကို အရှိန် တိုးမြှင့် လုပ်ဆောင်နေကြသည်ဟု သိရသည်။
တူးဖော်မှုမှ ထွက်ရှိလာသည့် စွန့်ပစ်မြေစာပုံများကို နီးစပ်ရာ ကျေးရွာများ အနီးတွင် စွန့်ပစ်မှုများ ရှိနေကြောင်း၊ ထိုသို့ စွန့်ပစ်မှုများကြောင့် မိုးရာသီရောက်လျင် မြေစာပုံပြိုကျမည့် အန္တရာယ်ကို စိုးရိမ်နေကြရကြောင်း ဒေသခံများက ပြောသည်။
အထူးသဖြင့် မိုးရာသီရောက်လျင် ဖားကန့်ဒေသအတွင်းရှိ အက်ကြောင်းများကြား မိုးရေဝင်ရောက်မှု များခြင်းကြောင့် စွန့်ပစ်မြေစာပုံများ ပြိုကျမှုအောက်တွင် လူပေါင်း ရာချီ သေဆုံးသည် အထိ ရှိခဲ့ပြီး လုပ်ငန်းခွင်များအနီးရှိ ကြီးမားသည့် နုန်းစစ်ကန်များတွင် မိုးရေဝင်ရောက်မှုများကာ ရေပြည့်လျှံမှုများကြောင့် ကန်ပေါက်ကျကာ သေဆုံးမှုများလည်း ဖြစ်ခဲ့သည့် ဖြစ်စဉ်များ နှစ်စဉ်လိုလို ရှိနေကြောင်း ကြားသိရသည်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရှိ သဘာဝသံယံဇာတ ထွက်ရှိရာ နေရာများတွင် တရားမဝင်တူးဖော်မှု လုပ်ငန်းများ အင်အားကောင်းကောင်းနှင့် များပြားလာနေခြင်းအပေါ် မကိုင်တွယ်နိုင်ခြင်းကို ကြည့်မည်ဆိုလျင် သံယံဇာတ စီမံအုပ်ချုပ်ရေးတွင် ဆိုးရွားစွာ ပျက်စီးနေခြင်းဖြစ်သည်ဟု နိုင်ငံရေးသုံးသပ်သူများက ဆိုကြသည်။