စစ်ကိုင်းတိုင်း၊ ရွှေဘိုတက္ကသိုလ်ဂိတ်ပေါက်ရှိ စစ်သားများကို ဧပြီလ (၂) ရက်နေ့ ညနေပိုင်းက ပြည်သူ့တော်လှန်ရေးတပ်ဦး-PRF နှင့် မဟာမိတ်အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ ပြည်သူ့ရဲဘော်နှစ်ဦး ကျဆုံးကြောင်း စုံစမ်းသိရှိရသည်။
“ မနေ့က မွန်းလွဲ ၂ နာရီလောက်မှာ ရွှေဘိုတက္ကသိုလ်အနား ချဉ်းကပ်ပြီး တိုက်ပွဲဖြစ်ကြတယ်။ ဘန်ကာသုံးခုမှာ ဘန်ကာနှစ်ခုထိ အပိုင်ပစ်ခတ်နိုင်ခဲ့တယ်။ ရန်သူဘက်က ခြောက်ဦးသေတယ်။၊ ရဲဘော်တွေ ပစ်ပြီး ပြန်ဆုတ်ချိန်မှာ တတိယဘန်ကာကနေ လှမ်းပစ်တာခံရပြီး ကျနော့် ရဲဘော်ဝဿန်နဲ့ မဟာမိတ်တပ်က ရဲဘော်တစ်ဦး ကျည်ထိမှန်ပြီး ကျသွားခဲ့တာပါ” ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး ဗဟိုသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်လွန်းညီက MPA ကို ပြောသည်။
ရဲဘော်၀ဿန်သည် ပခုက္ကူမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ၏ ဒုဥက္ကဋ္ဌဖြစ်ပြီး ပြည်သူ့တော်လှန်ရေးတပ်ဦးတွင် လက်နက်ကိုင်တော်လှန်ရေး လုပ်ဆောင်နေသူဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
“ ကျနော်တို့ တပ်ရဲ့ ပထမဆုံးကြွေလွင့်ခဲ့ရတဲ့ ရဲဘော်တစ်ဦးပဲ။ ကျနော်တို့တပ်ထဲမှာ သူ့လောက် လူချစ်လူခင်ပေါများတဲ့သူ မရှိဘူး။ ရွာထဲက ပြည်သူတွေကလည်း တော်တော်လေးချစ်ကြတယ်။ ပေးတဲ့တာဝန်တွေလည်း အမြဲကျေပွန်အောင်ထမ်းဆောင်တယ်” ဟု ရဲဘော်လွန်းညီက ဆိုသည်။
ကျဆုံးသွားသော ရဲဘော်ဝဿန်၏ ရုပ်အလောင်းအား ယနေ့ သင်္ဂြိုဟ်ပြီးစီးကြောင်းလည်း စုံစမ်း သိရှိရသည်။