မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့များသည် မတ်လ ၂၈ ရက်နေ့ နံနက် ၇ နာရီ၌ ကင်မွန်းချုံ ရွာသို့ ၀င်ရောက်ပြီး ရွာလုံးကျွတ် မီးရှို့ခဲ့ပြီးနောက် လက်ရှိတွင် ယင်းဒေသရှိ စစ်ရှောင်များအနေဖြင့် အကူအညီလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
” ၂၆ ရက်ကတည်းက စစ်ကြောင်း သတင်းကြားတော့ ကာကွယ်ရေးအဖွဲ့တွေက ရှောင်ခိုင်းထားတယ်။ ကျတော်တို့လည်း အထုပ်အပိုးလေး၊ အိပ်ဖို့ ပြုဖို့လောက်ယူပြီး တောထဲ သွားအိပ်ကြတာပါ။ အဲ့ဒီနေ့မနက်ကတော့ စစ်ကြောင်းက ရွာဘက် ဦးမတည်သေးဘူးဆိုပြီး အကုန် ရွာထဲပြန်၀င်ပြီး ချက်ပြုတ်စားဖို့ လုပ်ကြတုန်းရှိသေး သေနတ်တွေ ဖောက်ပြီး ဆက်တိုက်၀င်လာတော့တာပဲ။ ကျတော်တို့ တောစပ်ရောက်လို့ ရွာကို လှမ်းကြည့်တော့ မီးခိုးတွေ တလူလူနေပေါ့” ဟု အိမ်ဆုံးရှုံးခဲ့ရသော ပြည်သူတစ်ဦးက MPA သို့ ပြောပြသည်။
ကင်မွန်းချုံရွာသည် အိမ်ခြေ ၁၄၀ ၀န်းကျင်ရှိသည့် ရွာဖြစ်ပြီး လက်ရှိတွင် ၁၃ အိမ်သာ အကောင်းပကတိ ကျန်ရှိခဲ့သည်ဟု စုံစမ်းသိရှိရပြီး ယင်းဒေသသို့ ဝင်ရောက်ခဲ့သည့် စစ်ကောင်စီ စစ်ကြောင်းတွင် အင်အား ၂၀၀ ခန့်ရှိသည်ဟုလည်း သိရှိရသည်။
“ ဦးလေး အိမ်ကို သူတို့ မီးရှို့နေတာကိုလည်း မြင်ခဲ့ရတယ်။ သူတို့က ဦးလေး လိုက်ကြည့်ရမယ်ဆိုပြီး တစ်အိမ်ပြီး တစ်အိမ် ရှို့တာ၊ မရှို့ခင် အိမ်ထဲက ပစ္စည်းတွေကိုလည်း ယူတယ်။ ဦးလေး ကြိုက်တာယူလို့လည်း ပြောတယ်။ ဦးလေးရဲ့ သမီးတော် (အကိုကြီးသမီး) အိမ်ကို ရောက်တော့ တိုက်အိမ်ရဲ့ မှန်တံခါးကို သေနတ် ဖောက်ပြီး ခွဲပစ်တယ်။ ပြီးတော့ အိမ်ထဲ၀င် ပစ္စည်းတွေယူပြီး ဦးလေးလည်း ကြိုက်တာယူတဲ့။ ဦးလေးက မယူတော့ပါဘူးလို့ ကြောက်ကြောက်နဲ့ ပြောတော့ ပြန်တော့ဆိုပြီး ကံကောင်းတော့ ပြန်လွတ်ပေးလိုက်တယ်” ဟု ရှောင်တိမ်းရာမှ စစ်ကြောင်းနှင့် ထိပ်တိုက်တွေ့၍ ဖမ်းဆီးခံခဲ့ရသူ အသက် ၆၇ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦးက ၎င်း၏ အတွေ့အကြုံကို ပြောပြသည်။
လက်ရှိတွင် စစ်ရှောင်ပြည်သူများသည် သက်ကြီးရွယ်အိုများ ၊ နာမကျန်းသူများစွာ ပါ၀င်ပြီး မိန်းကလေးအရေအတွက်သည် စစ်ရှောင်ဦးရေ၏ သုံးပုံနှစ်ပုံ ပါရှိနေသည်။ ၅ နှစ် အောက် ကလေးငယ် ၄၀ ၀န်းကျင် ပါရှိပြီး ထို ကလေးငယ်များမှာ ရာသီ အကူးအပြောင်းကြောင့် အများစုသည် ဖျားနာနေကြပြီး ဆေးဝါး လိုအပ်ချက်များလည်း ရှိနေသည်ဟု စုံစမ်းသိရှိရသည်။
” ***တွေက (စစ်ကောင်စီတပ်ဖွဲ့ဝင်) ၄၀ သီးတွေ နဲ့ ဆက်တိုက်ပစ် ၀င်လာတယ်။ မလှိုင်တွင်းကနေ လာတဲ့ စစ်ကြောင်းက စမှိုင်းထိရောက်တော့ ကျတော်လို့လည်း ရွာက လူတွေ ထုတ်သူကထုတ် ကာပစ်သူကပစ်နဲ့ ပစ်ခဲ့ရတယ်။ ရွာထဲမှာဖြစ်တဲ့ တိုက်ပွဲမှာတော့ စစ်သားတွေ ၃ ယောက်လောက် ကျပြီး ကိုယ့်ဘက်က ရဲဘော်တစ်ယောက် ၄၀ သီးစမှန်ပြီး မစိုးရိမ်ရ ဒဏ်ရာ ရခဲ့တယ်။ ၃၀ ရက်နေ့မှာတော့ သူတို့စစ်ကြောင်းပြန်ထွက်သွားပါတယ်။ ရွာကလူတွေမှာ အရေးပေါ် ရှောင်ရတော့ အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဘာဆို ဘာမှ မပါခဲ့ဘူး။ ကျတော်တို့ ကာကွယ်ရေးအဖွဲ့တွေ အနေနဲ့တော့ အတတ်နိုင်ဆုံး လိုအပ်တာတွေ ကြိုးစားပြီး လုပ်ပေးထားပါတယ်။ ဆေးဝါးကအစ ရင်းမှာ ရှိသမျှ အကုန် ထုတ်သုံးပေးထားပေမဲ့ လိုအပ်ချက်တွေကတော့ အများကြီး ရှိနေပါသေးတယ်” ဟု ၂၈ ရက်နေ့ တိုက်ပွဲအတွင်း ပါ၀င်ခဲ့သည့် မင်းဘူးခရိုင် တပ်ရင်း (၁) မှ ရဲဘော်တစ်ဦးက ရှင်းပြသည်။
စစ်ရှောင်များကို ဒေသအတွင်းရှိ ကာကွယ်ရေးအဖွဲ့များ အားလုံး စုပေါင်း၍ စားသောက်ရေးအပြင် လိုအပ်သော အ၀တ်အစားများ၊ ဆေးဝါးများကို ဝိုင်း၀န်း ကူညီလျက်ရှိသော်လည်း တစ်ရွာလုံး မီးရှို့ခံရသည့်အတွက် ပြန်စရာ အိမ်မရှိတော့သည့်အပြင် မည်သည့်အသုံးအဆောင်မှ မရလိုက်သည့်အတွက် ရေရှည် ရပ်တည်ရန် အခက်အခဲများ ရှိနေသည်ဟု စုံစမ်းသိရှိရသည်။