စစ်ကောင်စီတပ် ဖမ်းဆီးသတ်ခဲ့သော စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာနေ သားအဖ၂ဦးနှင့် ညီအစ်ကိုအရင်းနှစ်ဦးတို့၏ ရုပ်အလောင်းကို ပြန်လည် တွေ့ရှိပြီဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် မတ်လ၃၀ရက်နေ့က မောင်း ထောင်ရွာသား၆ဦးကို ဖမ်းဆီးသွားပြီးနောက် သားအဖတော်စပ်သူ ဦးကျော်သူထွန်း (၃၈ နှစ်) ၊အိုအီး (၁၄ နှစ်)နှင့် ညီအစ်ကိုအရင်းတော် စပ်သူတုံ တုံချစ် (၁၅ နှစ်)၊ ကိုချစ်စူး(အသက် ၂၀)တို့ကို သတ်ကာ မူးမြစ်ထဲပစ်ချခဲ့ကြောင်း ရုပ်အလောင်း၂ လောင်းကို မတ်လ၃၁ရက်နေ့က မူးမြစ်ကမ်းဘေး ညောင်ပင်ဝန်းတံတားအောက်၌ တွေ့ရှိခဲ့ပြီး ယနေ့ နံနက်ပိုင်းတွင် နောက်ထပ်ရုပ်အလောင်း၂လောင်းကို ညောင်ပင်ဝန်းတံတားနှင့်မလှမ်းမကမ်းမှာပင် ထပ်မံ တွေ့ခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“ တကယ်ဆို ကလေးတွေက ကျောင်းတက်နေတဲ့အရွယ်လေးတွေ နိုင်ငံရေးနဲ့ကလည်း အဝေးကြီး။ဒီလိုကလေးတွေကို သတ်တာတော့ စစ်ခွေးတွေက တော်တော်ကိုလူမဆန်တာ။မနေ့က အလောင်းနှစ်လောင်းတွေ့တယ်။ဒီနေ့မနက် ၆နာရီလောက်က မူးမြစ်နားမှာ အလောင်းနှစ်လောင်းထပ်တွေ့တယ်။လေးလောင်းလုံးပြန်ရပါပြီ” ဟု၎င်းကပြောသည်။
မတ်လ ၃၀ရက်နေ့က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်း ရဲစခန်းရှိ အင်အား ၄၀ကျော်ပါ တပ်မ ၃၃စစ်ကြောင်းသည် မောင်းထောင်ကျေးရွာသို့ ဝင်ရောက်ခဲ့ရာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲအနည်းငယ် ဖြစ်ပွားပြီးနောက် မောင်းထောင်ကျေးရွာအတွင်းရှိ နေအိမ်အချို့ကိုစစ်သားများက ရှာဖွေမှုများလုပ်ဆောင်ခဲ့သည်။ထို့နောက် ရွာသား၆ဦးအား ဖမ်းဆီးကာ ေညာင်ပင်ဝန်းရဲစခန်းသို့ခေါ်ဆောင်သွားကြောင်း သိရသည်။
“ ၃၀ရက်နေ့က ရွာသား ၆ဦးကို ဖမ်းပြီး နှစ်ဦးကို ဘာမှ မပြောဘဲ ပြန်လွှတ်ပေးလိုက်တယ်။ပြန်လွှတ်ပေးပြီးမှ သားအဖနှစ်ယောက်နဲ့ ညီအစ်ကို အရင်း နှစ်ယောက်ကိုသတ်တာ။သတ်ခံရတဲ့သူလေးဦးစလုံး ဆွေမျိုးမကင်းတဲ့သူတွေချည်းပဲ” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီတပ်က သတ်ဖြတ်ခံရသူများ၏ နေအိမ်ကို ရှာဖွေစဉ် မည်သည့် လက်နက်ခဲယမ်းများ မတွေ့ရှိခဲ့ကြောင်း ၎င်းကဆက်ဆက်ပြောသည်။
မတ်လ ၃၀ရက်နေ့ နံနက်ပိုင်းက တိုက်နယ်စွန် PDF၊ဗိုလ်မိုးကြိုး၊စွန်ရဲ ၊မြို့နယ် ပ.က.ဖ များအပါအဝင် မဟာမိတ်အဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။