မတ်လအတွင်းဒရုန်းတိုက်ခိုက်မှု ၇၇ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ် အရာရှိများအပါအ၀င် ၂၅ဦး ပွဲချင်းပြီး သေဆုံးခဲ့ ကြောင်း Federal Wings တပ်ဖွဲ့ထံက သိရသည်။KNU တပ်မဟာ ၆ နယ်မြေအတွင်း မတ်လ ၁ရက်နေ့မှစပြီး မတ်လ ၃၁ရက်နေ့အထိ Federal Wings တပ်ဖွဲ့က ဒရုန်း၇၇ကြိမ်ပျံသန်းတိုက်ပွဲဝင်ခဲ့ကြောင်း Federal Wings သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတစ်ဦးကပြောသည်။
“ မစ်ရှင် တိုင်းမှာ အထိအခိုက်အကျအဆုံး မည်မျှရှိလဲဆိုတာကို မသိရပေမယ့် ပြန်သိရတဲ့ မစ်ရှင်တချို့ရဲ့အထိအခိုက်အကျအဆုံးစာရင်းတွေအရဆိုရင် စကစဘက်က အရာရှိတွေ၊တပ်ခွဲမှူးတွေအပါအ၀င် စုစုပေါင်း ၂၅ဦး ပွဲချင်းပြီးသေဆုံးတယ်။ပြင်းထန်ဒဏ်ရာရ သူက ၄၀ကျော် ရှိခဲ့တယ်။တခြားတပ်မဟာတွေနဲ့ အဲ့ဒေသတွေမှာရှိတဲ့ မတ်လအတွင်း တိုက်ပွဲဝင်မှုအခြေအနေတွေကိုတော့ လုံခြုံရေးအခြေအနေအရလျှို့ဝှက်ထားဆဲဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။
တပ်မဟာ ၆နယ်မြေအတွင်းရှိ ကရင်ပြည်နယ် ကွီလုံတိုင်၊ တောင်စွန်း၊ ကြာအင်းဆိပ်ကြီး၊မြ၀တီ၊ သင်္ကန်းညီနောင် စသည့် နေရာများ၌ သက်ဆိုင်ရာတော်လှန်ရေးစစ်ကြောင်းများနှင့် ပူးပေါင်းကာ Federal Wings က ပျံသန်းတိုက်ပွဲဝင်ခဲ့ခြင်းဖြစ်သည်။စစ်သားများသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
မတ်လအတွင်း Federal Wingsတပ်ဖွဲ့မှ ဒရုန်း၁စီး စက်ချို့ယွင်း၊မတော်တဆ ဖြစ်ကာ ပျက်စီးခဲ့ပြီးမြေပြင်တွင် တာဝန်ထမ်းဆောင်နေစဉ် ရဲဘော် ၄ဦးထိခိုက်ဒဏ်ရာရခဲ့သည်။ဒဏ်ရာရ ရဲဘော် လေးဦး အနက် ၃ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် နောက်တန်းတွင် ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး ကျန်ရဲဘော်တစ်ဦးမှာ မြေပြင်၌ ပြန်လည်တာဝန်ထမ်းဆောင်နေပြီဖြစ်ကြောင်းသိရသည်။