စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူ့နေအိမ် ခြောက်သောင်းကျော်ရှိပြီဖြစ်ကြောင်း Data for Myanmar က ယနေ့ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့အထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့်လက်အောက်ခံ အဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။
မီးရှို့ဖျက်ဆီးခံရမှုများအနက် စစ်ကိုင်းတိုင်းမှာ အများဆုံးဖြစ်ပြီး အိမ်၄၇၇၇၈ လုံး ဖျက်ဆီးခံခဲ့ရသည်။ဒုတိယအများဆုံးမှာ မကွေးတိုင်းဖြစ်ပြီး ၉၀၁၉ လုံး၊ ချင်းပြည်နယ်အတွင်း အိမ် ၁၄၈၅ လုံး နှင့် ကျန်ပြည်နယ်နှင့် တိုင်းတို့တွင် ၂၁၇၇ လုံး မီးရှို့ခံရကြောင်း Data for Myanmar က ဆိုသည်။
“မတ်လမှာလည်း ဆက်တိုက်ကို မီးရှို့နေတဲ့အပြင် အခုနောက်ပိုင်း ကျနော်တို့ စစ်ကိုင်းတိုင်းထဲ စစ်ခွေးတွေ ရွာတွေထဲ ဝင်တာ ပြောက်ကျားပုံစံမျိုး အလစ်ဝင်လာလေ့ရှိတယ်။ မနက်အစောကြီးတွေ ဝင်လာတာမျိုးပေါ့။ ပြီးရင် မီးရှို့၊ လုယက် လူဖမ်းပြီးတာနဲ့ ချက်ချင်း ပြန်ဆုတ်သွားလေ့ရှိတယ်”ဟု မုံရွာမြိုတွင်းနေ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် မည်သည့်အကြောင်းမှမရှိဘဲ ရွာမီးရှို့ခြင်းကို မဟာဗျူဟာမြောက်ကျင့်သုံးနေပြီး နောက်ထပ်လည်း မီးဆက်ရှို့ဦးမှာ သေချာကြောင်း ၎င်းက ပြောသည်။
“အဓိကကတော့ ပြည်သူတွေ ဒုက္ခရောက်အောင်ပါပဲ။ စားရမဲ့သောက်ရမဲ့ အခြေအနေ ရောက်အောင်ကို အငြိုးတကြီးနဲ့ လုပ်တာ။ ပြီးတော့ မတော်လှန်ရဲအောင်။ တော်လှန်ရေး အတွက် ကူစရာငွေမရှိအောင်ပေါ့”ဟု ၎င်းကဆက်ပြောသည်။
စစ်ကောင်စီတပ်သည် ၂၀၂၁ခုနှစ်၊ မေလအတွင်း ပြည်သူ့နေအိမ် ၃ လုံး မီးရှို့ခြင်းဖြင့် ရပ်ရွာများ မီးရှို့ ဖျက်ဆီးခြင်းအမှုကို စတင်ခဲ့ကြောင်း Data for Myanmar ၏မှတ်တမ်းက ဖော်ပြထားသည်။