ရန်ကုန်မြို့ရှိ တရားမဝင် စီးပွားရေးသမားများနှင့် လူမိုက်များကို သေနတ်ကိုင်ဆောင်ခွင့် လျှောက်ထားနိုင်ကြောင်း သက်ဆိုင်ရာ နယ်ထိန်းများကတစ်ဆင့် နှိုးဆော်ခိုင်းထားကြောင်း သိရသည်။
ရန်ကုန်မြို့တော်အတွင်းရှိ လောင်းကစားဒိုင်၊ အနှိပ်ခန်း၊ ပြည့်တန်ဆာလုပ်ငန်းစသည့် တရားမဝင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေသူများနှင့် နယ်မြေအလိုက် မိုက်ကြေးခွဲဂိုဏ်းဖွဲ့ကာ ဒုစရိုက်လုပ်ငန်း ဆောင်ရွက်နေသည့် လူမိုက်ကြီးများကို သေနတ်ကိုင်ကြရန် နှိုးဆော်စေခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအတွင်း လက်ရှိတာဝန်ထမ်းနေသည့် ရဲအရာရှိတစ်ဦးက ပြောသည်။
“ရှိပြီးတဲ့လူတွေလည်း ရှိပြီးပြီပေါ့။ မရှိသေးတဲ့လူ၊ သေနတ်လိုချင်ပြီး ဘယ်လိုရအောင်လုပ်ရမယ်ဆိုတာ မသိတဲ့သူတွေသိအောင် လိုင်စင်နဲ့ သေနတ်ကိုင်လို့ရပြီဆိုတာ ဆော်ဩခိုင်းတာ။ အဓိကက သေနတ်တွေ အပြင်လူတွေလက်ထဲ များများရောက်တော့ ရာဇဝတ်မှုတွေလည်း များများဖြစ်တာပေါ့”ဟု ၎င်းကပြောသည်။
စစ်ကောင်စီ၏ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူ ထုတ်ပြန်လိုက်ခြင်း၏ ရည်ရွယ်ချက်မှာ ဒုစရိုက် လောကသားများကြား လက်နက်များပျံ့နှံ့စေရေးနှင့် လက်နက်ကိုင်ဆောင်ခွင့်ရသူများ စစ်ကောင်စီ ခိုင်းသမျှ လုပ်ကိုင်ပေးရေးဖြစ်ကြောင်း ရဲအရာရှိက ဆက်ပြောသည်။
“ကျွန်တော်တို့ တွံတေးဘက်ခြမ်းမှာ ရှိနေတဲ့လူမိုက်တွေကတော့ စစ်တပ်နဲ့ပေါင်းတယ်။ သေနတ်ရအောင် ဖန်တီးတယ်။ သေနတ်နဲ့ရာဇဝတ်မှုကျူးလွန်တယ်။ တချို့လူမိုက်ကျတော့ သေနတ်အတိုတွေကို ဂုဏ်ရှိတယ်ဆိုပြီး ကိုင်ကြတာ။ အာဏာသိမ်းပြီး တစ်နှစ်လောက်မှာ သေနတ်ကို တရားမဝင်ကိုင်ဖို့ လွယ်နေတော့ တရားဝင်လိုင်စင်လျှောက်ပြီး ကိုင်ဖို့ကိုတော့ စိတ်ဝင်စားမှာမဟုတ်ဘူး”ဟု တွံတေးမြို့ပေါ်ရှိ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
လှိုင်မြို့နယ်၊ ဗဟိုလမ်းနေ နှစ်လုံးလောင်းကစား လက်ခွဲဒိုင်တစ်ဦးက လောင်းကစားလုပ်ငန်းရှင်များမှာ ၎င်းတို့၏ အသက်အန္တရာယ်အတွက်ရော ဂုဏ်တစ်ခုအနေနှင့်ပါ သေနတ်ကိုင်ဆောင်လိုကြသည်ဟု ဆိုသည်။
“ကျနော်တို့ဘောစိက သူကိုင်ဖို့ရော သူ့ဘေးနားက လူမိုက်တွေကိုင်ဖို့ရောပေါ့။ လျှောက်မယ်လို့ ပြောနေတယ်။ သူကိုင်တာကတော့ ဂုဏ်ရှိအောင်ပါ”ဟု ၎င်းကပြောသည်။
လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူကို ၂၀၂၂ ဒီဇင်ဘာလအတွင်းက အတည်ပြုလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပြီး လက်နက်ကိုင်ဆောင်ခွင့်ရသူသည် ဒေသတွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် ပါဝင်ဆောင်ရွက်ရန် ဒေသအာဏာပိုင်များက ညွှန်ကြားလာပါက လိုက်နာ ဆောင်ရွက်ရမည်ဟု ဖော်ပြထားသည်။