မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဂျပန်ကျွန်းရွာကို စစ်တပ်က ၃ရက်ဆက်မီးရှို့ခဲ့ရာ ရွာလုံးကျွတ် ပြာကျသွားကြောင်း သိရသည်။
ငါန်းဇွန်မြို့ အထက ကျောင်းသို့ အသစ်ပြောင်းရွှေ့လာသည့် စစ်တပ်က ဖေဖော်ဝါရီ ၂၁ ရက်နေ့မှ ၂၃ ရက်နေ့ထိ ၃ ရက်ဆက်တိုက် မီးရှို့ခဲ့ကြောင်း ငါန်းဇွန်သတင်းစုံ ကထုတ်ပြန်သည်။
“စစ်တပ်က ၂၁ ရက်နေ့ကစပြီး မီးရှို့ တာ မနေ့က နေ့လယ်ကတော့ လက်နက်ကြီးတွေနဲ့ပါပစ်တာ ခုတော့ တစ်ရွာလုံး ပြာကျသွားပြီလို့ သိရတယ်။ လူဦးရေကတော့ ပြောဖို့ခက်တယ်။ အဲ့ရွာကို မီးရှို့တဲ့စစ်တပ်က လေ့ကျင့်ရေးတပ်လို့ ထင်တယ်၊ သူတို့ဘက်တွေက တိုက်ခိုက်ရေး ဘက်တံဆိပ်တွေလို မဟုတ်ဘူး။ ငါန်းဇွန် အထကကို အသစ်ပြောင်းလာတဲ့တပ်။ အရင်က တပ်က ပြောင်းသွားပြီ။ တပ်အသစ်က ခြောက်လှန့်တဲ့သဘောပေါ့ဗျာ”ဟု ဒေသခံကာကွယ်ရေး ရဲဘော်တစ်ဦးက ပြောသည်။
ဂျပန်ကျွန်းတွင် အိမ်ခြေ၁၀၀ကျော်ရှိပြီး ယင်းရွာသားများမှာ မြောင်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ တိမ်းရှောင်နေရသည်။
ဂျပန်ကျွန်းရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိသည့်အတွက် ဘာ့ကြောင့် မီးရှို့ရသလဲဆိုသည်ကို ဒေသခံများက မသိပေ။
ငါန်းဇွန်မြို့နယ်တွင် ကင်းပတ်လာသော စစ်သားများကို Ngaun People’s Defense Force နှင့် မဟာမိတ်တပ်ဖွဲ့များ က ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးနှင့် တပ်ကြပ်ကြီးအပါအဝင် စစ်သား ၄ ဦးသေဆုံးပြီးနောက် ဂျပန်ကျွန်းရွာကို မီးရှို့ခဲ့ခြင်းဖြစ်သည်။
ဂျပန်ကျွန်းရွာသည် ဧရာဝတီမြစ်၏ ကျွန်းပေါ်နေသည့် မြေနုကျွန်းနေရာဖြစ်ကာ အနီးနားကျေးရွာများမှ လာရောက်နေထိုင်လုပ်ကိုင်နေကြပြီး ခေတ်အဆက်ဆက် ပိုင်ဆိုင်မှုအငြင်းပွားနေသော ရွာလည်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေလ မှ ၂၀၂၃ ဇန်နဝါရီလထိ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် မြန်မာနိုင်ငံတစ်ဝန်း နေအိမ် ၅၅,၀၀၀ကျော် ပြာကျခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။