မကြာမီလများအတွင်း မီးရှို့ဖျက်ဆီးခံရမည့် ပြည်သူ့နေအိမ်အရေအတွက် တစ်သိန်း သို့ ရောက်လာနိုင်ကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောသည်။
Data for Myanmar ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်၏ ပြည်သူ့နေအိမ်မီးရှို့မှုကြောင့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ ၅၅၄၈၄ လုံး မီးလောင်ပြာကျခဲ့ရပြီး ဇန်နဝါရီတစ်လတည်းတွင်ပင် ပြည်သူ့နေအိမ် ၉၀၀၀ ကျော်ပြာကျခဲ့ခြင်းအရ သိပ်မကြာမီ တစ်သိန်းသို့ ရောက်ရှိနိုင်ခြေရှိကြောင်း ၎င်းကသုံးသပ်သည်။
“စစ်တပ်က ပြည်သူ့နေအိမ်တွေ မီးစရှို့တာ ထုတ်ပြန်ချက်တွေအရ ၂၀၂၁ မေက နေစတာ။ အဲဒီတုန်းက မေလမှာ အိမ်၃လုံးပဲရှို့ခဲ့တယ်။ ၂၀၂၁ ဒီဇင်ဘာအထိ အိမ် ၂၁၀၀ ကျော်ပဲ ရှို့ခဲ့တယ်။ အဲဒီအခြေအနေကနေ ၂၀၂၂ ခုနှစ်မှာ အစွမ်းကုန်မီးရှို့လာခဲ့တာ အခုတစ်လတည်းနဲ့ ရှို့တာ ၉၀၀၀ကျော် ၁၀၀၀၀ နားကပ် ပြီဆိုတော့ သိပ်မကြာခင် တစ်သိန်းဖြစ်တော့မယ်”ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်တို့သည် စစ်ကိုင်းတိုင်းအတွင်း ၂ နှစ်တာ မီးရှို့ဖျက်ဆီးမှုမှာ ပြည်သူ့နေအိမ် ၄၃၂၉၂ လုံး ဖြစ်ပြီး မကွေးတိုင်းအတွင်း ၈၈၆၃လုံး၊ ချင်းပြည်နယ်အတွင်း ၁၄၈၄လုံး နှင့် ၁၈၄၅လုံးမှာ အခြား တိုင်းနှင့်ပြည်နယ်အတွင်းဖြစ်ကြောင်း Data for Myanmar က ထုတ်ပြန်ထားသည်။
“အရင်တုန်းက ရွာတွေထဲဝင် မီးရှို့တယ်ဆိုတာက PDF ရှိတယ်လို့ သတင်းရတာတို့၊ PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး သံသယရှိတဲ့အိမ်တို့ အဲလိုမျိုးကို ရွေးရှို့တာ။ အခု ၂၀၂၂ နှစ်လယ်အကျော်လောက်က စပြီး ဘာအကြောင်းပြချက်မှမရှိတော့ဘူး။ ရွာမြင်ရင် တန်း မီးရှို့ပစ်လိုက်တာပဲ။ ကျနော်တို့အမြင်အရဆို ရွာမြင်တာနဲ့ မီးရှို့ပစ်ဆိုပြီး အမိန့်ပေးထားတယ်လို့ ထင်တယ်”ဟု ဒီပဲယင်းစစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ပျူစောထီးကျေးရွာများကလွဲ၍ ကျန် ရွာများအားလုံးကို PDF အားပေးရွာများဟု သတ်မှတ်ကာ PDF တို့၏ အရင်းအမြစ်၊ အထောက်အပံ့ကို ဖြတ်တောက်ပစ်ရန် ရည်ရွယ်ပြီး ရွာမှန်သမျှ မီးရှို့နေခြင်းဟု ယူဆကြောင်း နိုင်ငံရေးသုံးသပ်သူက ဆိုသည်။
“အခုဆိုရင် မာရှယ်လော ထုတ်လိုက်တဲ့မြို့တွေကို စစ်တပ်က အဓိကထားပြီး ပြည်သူကို ပစ်မှတ် ထားတိုက်ခိုက်တော့မယ်ထင်တယ်။ ပြည်သူကို ပစ်မှတ်ထားတဲ့အကြောင်းက PDF တွေကို မတိုက်နိုင်လို့ပဲ”ဟု ၎င်းကဆက်ပြောသည်။
စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည် နယ်၊ မွန်ပြည်နယ်နှင့် ကယားပြည်နယ်ထဲက မြို့နယ်ပေါင်း (၃၇) မြို့နယ်ကို စစ်အုပ်ချုပ်ရေးကျင့်သုံးရန် ဖေဖော်ဝါရီလ (၂) ရက်နေ့က ကြေညာခဲ့သည်။