ရန်ကုန်မြို့ရှိ လမ်းပေါ်ဈေးရောင်းနေသည့် ကလေးငယ်များကို မုန့်ကျွေးကာ စာသင်ပေးနေသော “ ရေချမ်းစင်” စာသင်ဝိုင်းကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“ ရေချမ်းစင်” အခမဲ့စာသင်ဝိုင်းကို ပြီးခဲ့သည့် ရက်ပိုင်းမှ စတင်ကာ အင်းစိန်မြို့နယ် ခုံးတံတားအောက်နှင့် လှည်းတန်း ခုံးတံတားအောက်ရှိ လမ်းမပေါ် ဈေးရောင်းနေကြသည့် ကလေးငယ်များကို အခမဲ့ပညာသင်ကြားနေခြင်းဖြစ်ကြောင်း ရေချမ်းစင်တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ ရေချမ်းစင် ကလမ်းပေါ်က စျေးရောင်းနေရတဲ့ကလေးငယ်တွေ စာတတ်မြောက်ဖို့ရည်ရွယ်ချက်နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။သင်ပေးတဲ့သူက လောလောဆယ် ၂ ဉီး၊၃ဉီးပဲရှိတာပါ၊ နေ့တိုင်းမို့ risk များတာကြောင့် volunteer မခေါ်သေးပါဘူး။ အခုလက်ရှိသွားနေတဲ့ပုံစံက မြေကြီးဆိုရင် မြေကြီး ပေါ်မှာ ဖိနပ်ခုထိုင်ပြီးသင်၊ လှေကားထစ်တွေမှာသင်၊ လူသွားလျှောက်လမ်းတွေမှာသင် အဲ့လိုကြုံသလိုသင်နေရတာမို့လို့ပါ” ဟု ၎င်းက ပြောသည်။
ရန်ကုန် မြို့နယ်နှစ်ခုက လမ်းဘေးဈေးရောင်းနေသည့် ကလေးငယ်များကို နေ့စဉ် ညနေ၄နာရီ မှ ၆ နာရီအထိ အာဟာရဖြစ်အောင် မုန့်ကျွေးကာ စာသင်ပေးပြီး စာမသင်ချင်သည့် ကလေးငယ်များကိုလည်း စာသင်ဝိုင်းနားတွင် မုန့်ထိုင်စားခွင့်ပြုထားကြောင်း သိရသည်။
” အဓိကကတော့ သူတို့အလုပ်နားတဲ့အချိန်လေး စာသင်ခန်းဆိုတဲ့အရာကြီးနဲ့ သူတို့ကိုသူတို့ တခြားကလေးတွေနည်းတူ ကျောင်းသားတစ်ဦးအဖြစ် မြင်လာအောင် ရေရှည်စီမံကိန်းနဲ့ good memory လေးတွေဖန်တီးပေးချင်လို့ပါ “ ဟု ၎င်းကပြောသည်။
လက်ရှိတွင် မူလတန်းအဆင့် မြန်မာစာ၊ အဂ်လိပ်စာ အရေးအဖတ်အပြောနှင့် ဂဏန်း သင်္ချာများကို တစ်ရက်လျှင် ကလေးငယ် ၅ဦးမှ ၆ဦးကြားသင်ပေးနေပြီး စာသင်သည့် နေရာသီးသန့် မရှိသေးပေ။