ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ် KNU တပ်မဟာ-၃ နယ်မြေတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ထိမှန်၍ အရပ်သား ၂ ဦးသေဆုံးကြောင်း သိရသည်။
ဖေဖော်ဝါရီ ၇ ရက် ည ၉ နာရီခန့်မှစပြီး စစ်ကောင်စီတပ် နှင့် KNU/KNLA တပ်မဟာ-၃၊တပ်ရင်း-၈ တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်တပ်က ရွာများဆီသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“အုန်းသျှစ်ကုန်းနဲ့ အုန်းပင်စုရွာ ဝန်းကျင်အနီးမှာ မုန်းဒေသ ဝဲကြီးဘက်ကနေ နတ်သံကွင်းအထိ လာနေတဲ့ စစ်ကောင်စီတပ်နဲ့ KNUတို့ တိုက်ပွဲစဖြစ်တာ။ စစ်ကောင်စီတပ်က ရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် ရွာသား ၂ ဦးသေဆုံးပြီး ၄ ယောက်ဒဏ်ရာရတယ်။ စစ်ကောင်စီဘက်ကလည်း ကျတဲ့သူတွေရှိတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
သေဆုံးသူ အမျိုးသား ၂ ဦးမှာ အုန်းပင်စု ရွာသားများဖြစ်သည်။
အဆိုပါတိုက်ပွဲမှာ ၁ နာရီနီးပါး ကြာမြင့်ပြီး ဖေဖော်ဝါရီ ၈ ရက် ညသန်းခေါင်ကျော် ၂ နာရီထိ စစ်တောင်းမြစ်ကူးတံတား အနီး ထိတွေ့တိုက်ပွဲဖြစ်ပွားရာ ရွာနှင့် ဝါးပင်စုရွာကို လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ်နေကြောင်းသိရသည်။
ယနေ့ နံနက်ခင်းတွင် စစ်ကောင်စီတပ်က အုန်းပင်စု ဘုန်းကြီးကျောင်းတွင် စခန်းချနေပြီး ဂွေးတန်းရှည်ရွာသို့ စစ်ကြောင်းထိုးသွားကြောင်းလည်း သိရသည်။