စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် ယနေ့နံနက်ပိုင်းတွင် မိသားစုဝင်များအား အလောင်းလာယူခိုင်းကြောင်း သိရသည်။
ငွေတွင်းကျေးရွာတွင် အထိုင်ချခြေကုပ်ယူထားသော စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့က ဇန်နဝါရီ ၃၀ ရက်နေ့ ညပိုင်း၌ ငွေတွင်းရွာသား ကိုကျော်မင်းစိုး၊ ကိုကျော်နိုင်နှင့် ကိုရှစ်ဗိုလ်တို့ကို ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
“ သုံးယောက်ဖမ်းသွားတာပါ၊ ကျန် ၂ ဦးကို သတင်းရတဲ့အချိန်ထိ ပြန်မလွှတ်သေးပါဘူး၊ တစ်ယောက်ကိုတော့ ဒီမနက်မှာ သူ့မိသားစုကို အလောင်းလာယူခိုင်းတယ်” ဟု ၎င်း ကဆိုသည်။
ငွေတွင်းကျေးရွာအထိုင်ချ စစ်ကောင်စီတပ်နှင့် ပျူစောထီးတို့သည် PDF နှင့် NLD ထောက်ခံသူဟု ၎င်းတို့ထင်သူများအား မကြာခဏ ဖမ်းဆီးစစ်ဆေးလေ့ရှိကြောင်း၎င်းကပြောသည်။
အသတ်ခံလိုက်ရသည့် ကိုကျော်မင်းစိုးမှာ အသက် ၂၇နှစ်အရွယ် လူငယ်တစ်ဦးဖြစ်ပြီး စစ်တပ်က PDF ဟုစွပ်စွဲကာဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
ကိုကျော်မင်းစိုးတို့ ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ပျူစောထီးများက ငွေတွင်းရွာသူရွာသားများကို ရွာအဝင်အထွက်ကန့်သတ်ထားပြီး ဖုန်းများကိုလည်း သိမ်းယူထားကြောင်း သိရသည်။
“ သတင်းပေးနိုင်မယ်လို့ သူတို့ယူဆတဲ့လူတွေ၊ နောက်ပြီး ဒီလူသတ်မှုကို သိလိုက်တဲ့သူတွေရဲ့ ဖုန်းတွေကိုလိုက်သိမ်းထားတာပါ” လို့ဒေသခံတစ်ဦးကဆိုသည်။
ငွေတွင်းကျေးရွာတွင် ဒေသခံ ပျူစောထီး ၅၀ ခန့်နှင့် စစ်သား ၁၀ ယောက်ဝန်းကျင်က စခန်းတည်ဆောက်ပြီး ခြေကုပ်ယူထားကြောင်းသိရသည်။