မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဗဟင်းတိုက်နယ်ဆေးရုံကို ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ တစ်နာရီဝန်းကျင်တွင်စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ဗဟင်းတိုက်နယ်ဆေးရုံကို မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်က တက်လာသည့် ရဟတ်ယာဥ်တစ်စီးဖြင့် နာရီဝက်ခန့်ကြာပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံတစ်ဦးကဆိုသည်။
“ မြေပြင်မှာတိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခံရတာ၊ဆေးရုံကိုလည်းထိတယ်ပြောတယ်၊ထိခိုက်မှုရှိပေမယ့်အတိအကျတော့မသိရသေးဘူး” လို့ ဗဟင်းကျေးရွာအနီးဒေသခံတစ်ဦးကဆိုသည်။
စစ်ကောင်စီဟာ ရဟတ်ယာဉ်ပေါ်မှအချက် ၂၀ ခန့်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုမသိရှိရသေးပေ။
စစ်ကောင်စီတပ်က ကောလင်းမြို့နယ် ကျောက်ပြင်သာရွာကိုလည်း ဇန်နဝါရီ ၁၉ရက်နေ့က လေယာဉ်ဖြင့်ဗုံးကြဲခဲ့ရာ ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံပျက်စီးခဲ့သည်။