NUGအစိုးရက တော်လှန်ရေးရန်ပုံငွေအဖြစ် ရဲရင့်နွေဦး ကွန်ဒို အခန်းများကို ယနေ့ မြန်မာစံတော်ချိန်ည၁၀နာရီတွင် စတင်ရောင်းချမည်ဖြစ်ကြောင်း သိရသည်။
ရဲရင့်နွေဦး ကွန်ဒို ပရောဂျက်ကို ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ၁၀၆ တပ်ပိုင် မြေကို သိမ်းကာ ဆောက်လုပ်သွားမည်ဖြစ်ပြီး ယနေ့ ည ၁၀နာရီတွင် NUG၏ EODကိုယ်စားလှယ်များမှ တစ်ဆင့် စတင်ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း NUG တော်လှန်ရေးရန်ပုံငွေရရှိအောင် တာဝန်ယူရောင်းချပေးနေသည့် The End of Dictatorship ( EOD) ကထုတ်ပြန်သည်။
ရဲရင့်နွေဦး ကွန်ဒိုတိုက်ခန်းများကို ယနေ့မှ စတင်ရောင်းချမည်ဖြစ်သော်လည်း ကြိုတင်အမှာတိုက်ခန်း၃၀၀ကျော် ဝယ်ယူပြီးဖြစ်ကြောင်း EODက ဇန်နဝါရီလ ၁၉ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ရဲရင့်နွေဦး ကွန်ဒို (Spring Valour Condominium) ပရောဂျက်ကို အခန်းအမျိုးအစား၄မျိုးသတ်မှတ်ထားပြီး Studioအခန်း ၇၀ ၊1-Bedroom အခန်း၁၀၀ ၊2-Bedroom အခန်း၂၄၀ နှင့်၊3-Bedroomအခန်း ၃၆၀ တို့ ကို ယနေ့ညစတင်ရောင်းချသွားမည်ဟုသိရသည်။ တော်လှန်ရေးအတွက်လိုအပ်နေသော ဘဏ္ဍာရန်ပုံငွေရရှိရေးအတွက် ပြည်သူများအား ကြိုးပမ်းဝယ်ယူကြရန် ROD ကတိုက်တွန်းထားသည်။
ဝယ်ယူသူများသည် ကွန်ဒိုတိုက်ခန်း တန်ဖိုး၏ရာခိုင်နှုန်း ၄၀ ကို အရောင်းစတင်သည့်ရက်မှ ၃ လ အတွင်း ၃ ကြိမ် အရစ်ကျ အဖြစ် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၀ ရက် နောက်ဆုံး ငွေပေး သွင်းရမည်ဖြစ်ပြီး ကျန်ရာခိုင်နှုန်း ၆၀ ကို တော်လှန်ရေးအလွန် ကာလ၌ ပေးချေ ရမည်ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၅ရက်နေ့သတင်းစာရှင်းလင်းပွဲတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဦးတင့်ထွန်းနိုင်က အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တော်လှန်ရေးအောင်မြင်မှသာ ဝယ်ယူသူများအနေဖြင့် အကျိုးခံစားခွင့်ရရှိနိုင်မည်ဟူသည့် အာမခံချက်ကိုသာ ပေးနိုင်ကြောင်း ပြောကြားထားသည်။