စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်ပြင်သာရွာ ဘုန်းကြီးကျောင်းကို ယနေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲခဲ့ကြောင်းသိရသည်။
ကောလင်းမြို့နယ် ကျောက်ပြင်သာ အနောက်တောင်ရိုးနှင့် ကိုးတောင်ဘို့မြောက်ဘက်၊ ရွာဦးဘုန်းကြီးကျောင်းကို စစ်တပ်ကဗုံးကြဲခဲ့ရာ ဘုန်းကြီးကျောင်းပျက်စီးသွားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း ဒေသခံတစ်ဦးကဆိုသည်။
“ ခုညနေပါ၊ ဂျက်ဖိုက်တာနဲ့အကြောင်းမဲ့လာပစ်သွားတယ်၊ ဘာတိုက်ပွဲမှမရှိဘဲနဲ့၊ လူတော့အထိအခိုက်မရှိဘူး၊ ဘုန်းကြီးကျောင်းတော့ပျက်စီးသွားတယ်” လို့ ကျေးရွာဒေသခံတစ်ဦးကဆိုသည်။
စစ်ကောင်စီတပ်က ဂျက်ဖိုက်တာအသုံးပြုကာ ဗုံးသုံးလုံး ကြဲချခဲ့ခြင်းဖြစ်သည်။
ကျောက်သာပြင်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က အကြောင်းမဲ့ လာရောက်ပစ်ခတ်ခြင်းဖြစ်ပြီး ဘာကြောင့်ပစ်ခတ်သလဲ ဆိုသည်ကိုလည်းမသိကြောင်း ဒေသခံတစ်ဦးကပြောသည်။