လတ်တလောတိုက်ပွဲဖြစ်ပွားမှုမရှိသည့် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ ကျေးရွာတစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ကာ နွားလှည်းနှင့် နွားများအား ဓားပြတိုက်သွားကြောင်း ပြည်ကြီးတံခွန် ဆရာတော်က မိန့်သည်။
ယနေ့ နံနက် ၅နာရီခန့်က အင်အား ၅၀ခန့်ပါသည့် စစ်ကောင်စီတပ်သည် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်ရှိ အိမ်ခြေ ၁၀၀ကျော်ရှိသည့် ဂျပန်ကျွန်းကျေးရွာကို အထက်ပါအ တိုင်း အကြမ်းဖက်လုယက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ကြီးတံခွန် ဆရာတော်ကမိန့်သည်။
“ မနက် ၄နာရီလောက်က စစ်သားတွေဝင်လာတယ်။သေနတ်တွေ ပစ်ဖောက်တယ်။ပြီးတော့ ၅နာရီလောက်မှာ စပြီး မီးရှို့တယ်။အိမ်ခြေ ၅၀ကျော်ပါသွားတယ်” ဟု ဆရာတော်ကမိန့်သည်။
ယနေ့နံနက် ၁၀နာရီကျော်က ပြည်ကြီးတံခွန်ဆရာတော်၊ဒေသခံပြည်သူများနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့က ဂျပန်ကျွန်းရွာသို့ သွားရောက်ကာ မီးငြှိမ်းသတ်နိုင်ခဲ့သဖြင့် အိမ်ခြေ ၅၀ခန့်သာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ မနက် ၁၀နာရီလောက်က စစ်ကောင်စီတပ်တွေပြန်ထွက်သွားတာနဲ့ မီးဝင်ငြှိမ်းကြတာ။ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို အခုထိသေချာမသိရသေးပေမယ့် ထင်သာမြင်သာပျောက်ဆုံးသွားတာကတော့ နွားလှည်း ၄စီးနဲ့ နွားတွေပျောက်သွားတယ်။အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေကို မွှေနှောက်ရှာပြီး ဖျက်ဆီးသွားတာရှိတယ်။သေချာစစ်ဆေးပြီးမှ ဘာတွေပျောက်သွားလဲထပ်သိရမှာ” ဟု ဆရာတော်ကမိန့်သည်။
မီးရှို့ခံရသည့် ဒေသခံပြည်သူများကို ပြည်ကြီးတံခွန် ဆရာတော်က စောင့်ရှောက်ထားသော်လည်း မီးဘေးသင့်လူဦးရေ ရာချီရှိသဖြင့် အမိုးအကာ၊စောင်၊အနွေးထည်နှင့် စားသောက်စရာများစွာလိုအပ်နေသဖြင့် အကူအညီများစွာလိုနေကြောင်း သိရသည်။