စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်အတွင်းရှိကျေးရွာများကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးမီးရှို့နေသည့်အတွက် ကျေးရွာဆယ်ရွာကျော်ကဒေသခံထောင်နှင့်ချီထွက်ပြေးနေရပြီး စောင်နှင့်အနွေးထည်အရေးပေါ်လိုအပ်လျက်ရှိကြောင်းသိရသည်။
ဆောင်းတွင်းကာလဖြစ်သည့်အပြင် စစ်ကောင်စီတပ်သည် ပုလဲမြို့နယ်အတွင်းရှိ မြေပြန့်ကျေးရွာအားလုံးနီးပါးကိုစစ်ကြောင်းထိုးနေသည့်အတွက် ရွာသားများ တောပေါ်ဒေသဘက်သို့ ထွက်ပြေးနေရကြောင်း စစ်ရှောင်ကူညီနေသူတစ်ဦးကဆ်ိုသည်။
“ ခုက မြေပြန့်မှာတောင်တော်တော်အေးတယ်၊တောင်ပေါ်ဒေသဘက်ကိုရှောင်နေကြရတာဆိုတော့ စောင်နဲ့အနွေးထည်တွေ တော့လိုအပ်တယ်၊အိမ်ကနေထွက်ပြေးလာရတော့လည်းအများကြီးမပါလာကြဘူး၊ရှောင်နေရတာလည်းရက်ကြာနေပြီ” လို့စစ်ရှောင်တစ်ဦးကဆိုသည်။
စစ်ကောင်စီတပ် ဇန်နဝါရီလ ၁၀ရက်နေ့မှစတင်စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ကျေးရွာငါးရွာက နေအိမ် ၁၁၃လုံးကိုမီးရှို့ခဲ့ကြောင်း ဒေသခံများကသိရသည်။
စစ်ကောင်စီတပ်ကယနေ့တွင် လည်း ကြောင်ဝန်ဒူးရွာကိုထပ်မံမီးရှို့ခဲ့ပြီး ပျက်စီးမှုအခြေအနေကိုမသိရသေးပေ။
သရက်ကန်ကျေးရွာက အိမ်ခြေ ၄၆ လုံး၊ ညောင်ရင်းကုန်းရွာက အိမ်ခြေ ၁၃ လုံး၊ သပြေအေးရွာက အိမ်ခြေ ၉လုံး၊ တောင်ရွာသစ်ကျေးရွာ အိမ်ခြေ ၁၁ လုံး နှင့် သရက်လှ ကျေးရွာက အိမ်ခြေ ၃၄ လုံး စုစုပေါင်း အိမ်ခြေ ၁၁၃ လုံး ကိုစစ်တပ်က မီးရှို့ခဲ့ကြောင်းသိရသည်။
ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များလည်းမကြာခဏထိတွေ့မှုဖြစ်ပွားနေကြောင်းလည်း သိရသည်။