စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းအခြေစိုက် စစ်ကောင်စီတပ်က စစ်ကြောင်းထိုး မီးရှို့နေသောကြောင့် ကျေးရွာ ၁၀ရွာမှ ဒေသခံများ တိမ်းရှောင်နေရကြောင်း သိရသည်။
ကန့်ဒေါင့်ရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၂ရက်နေ့ မှစတင်ပြီးကျေးရွာများ ကိုမီးရှို့နေသောကြောင့် ရွာသားများ နီးစပ်ရာတောထဲသို့ ထွက်ပြေးနေကြရကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့အချို့ထံကသိရသည်။
“ သူတို့က ဒီနယ်မြေမှာနယ်မြေစိုးမိုးမှုရချင်တဲ့သဘောပဲ၊ ရွာတွေကတော့အကုန် ထွက်ပြေးနေရတာ၊ကာကွယ်ရေးအဖွဲ့တွေနဲ့လည်းတိုက်ပွဲတွေဖြစ်ကြတယ်” လို့ ဂဠုန်နက်အဖွဲ့မှ တာဝန်ရှိသူကဆိုသည်။
စစ်ကောင်စီစစ်ကြောင်းသည်ယနေ့နံနက်ပိုင်းတွင်လည်း ရွာသစ်ရွာကို မီးရှို့ခဲ့ရာနေအိမ် ၅လုံးမီးလောင်ပျက်စီး ခဲ့သည်။
ဇန်နဝါရီလ ၁၂ရက်နေ့တွင် သရက်ကန်ရွာက နေအိမ် ၄၆လုံး၊သပြေအေးရွာက နေအိမ် ၉လုံး၊ဇန်နဝါရီ ၁၃ရက်နေ့တွင် တောင်ရွာသစ်ရွာကနေအိမ် ၁၁လုံးနှင့် သရက်လှရွာက နေအိမ် ၃၄လုံး မီးရှို့ခံထားရကြောင်းသိရသည်။
ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့ မကြာခဏ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသည်။