ပဲခူးတိုင်း။၊နတ္တလင်းမြို့နယ်၊တာပွန်မြို့တွင် ဆိုင်ကယ်ရပ်မပေးသည့် လူငယ်တစ်ဦးကို အရက်မူးနေသည့်စစ်သားက သေနတ်နှင့်ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်းသိရသည်။
ယနေ့ ညနေ ၄ နာရီဝန်းကျင်ခန့်က တာပွန်မြို့၊ကုန်းသာအုပ်စု၊ကြို့လေးပင်ရွာထိပ် စစ်ဆေးရေးဂိတ်တွင် လူငယ် ၁ ဦးဆိုင်ကယ်မောင်းလာစဉ် အရက်မူးနေသည့် စစ်သားက တားရာ ရပ်မပေးဘဲ မောင်းနှင်ပြေးသောကြောင့် ပစ်ခတ်ခံရခြင်းဖြစ်သည်။
“ ကလေးကဆိုင်ကယ်မောင်းလာတာကို စစ်သားကမူးမူးနဲ့တားတာ ကလေးကရပ်မပေးဘဲ သူ့ကို ကွေ့ရှောင်မောင်းသွားတာကို နောက်ကပစ်တာ နောက်စေ့က ကျည်ဝင်ပြီးနဖူးကထွက်သွားတယ်” ဟု တာပွန်မြို့ခံတစ်ဉီးကပြောသည်။
သေနတ်ဖြင့်ပစ်ခတ်ခံရသူသည် နတ္တလင်းမြို့နယ်၊လှပခြင်းကျေးရွာအုပ်စု၊သရက်ကုန်းရွာ က ဒုတိယနှစ် ကျောင်းသား ကိုဝင်းဇော်ထွန်း ( ၂၃ နှစ်) ဖြစ်သည်။
“ ဆိုင်ကယ်ရပ်မပေးရုံနဲ့ လူငယ်တစ်ယောက်ကိုကြက်ကလေး ငှက်ကလေးသတ်သလို သတ်ပစ်တာကတော့ လူမဆန်တဲ့ ဥပဒေမဲ့ တရားလက်လွတ်ရက်စက်ကြမ်းကြုတ်တာဖြစ်တယ်။ပြည်သူတွေရဲ့ဘဝ မလုံခြုံတော့ဘူးဆိုတာကိုပြသနေတာ”ဟု သေဆုံးသူနှင့်နီးစပ်သူတစ်ဦးကဆိုသည်။
သေဆုံးသူ၏ ရုပ်အလောင်းကို တာပွန်ဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။
တာပွန်မြို့တွင် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားခြင်းမျိုးမရှိပေ။