တနင်္သာရီတိုင်း၊ပုလောမြို့နယ်တွင် လူငယ်တစ်ဦးအား စစ်ကောင်စီတပ်က သေဆုံးသည်အထိ ရိုက်သတ်ခဲ့ကြောင်း သိရသည်။
ဇန်နဝါရီလ ၉ရက်နေ့ ည ၁၀နာရီခန့်က ရှပ်ပုံကျေးရွာ၊အုပ်ချုပ်ရေးမှူးရုံးအနီး ဆိုင်ကယ်ဖြင့်ဖြတ်သွားသည့် ရှပ်ပုံရွာသား ကိုမင်းနိုင် ကို စစ်သားနှင့် ပျူစောထီးတို့က ဝိုင်းဖမ်းကာ ရိုက်နှက်ခဲ့ကြကြောင်း ရှပ်ပုံကျေးရွာအနီးနေထိုင်သူတစ်ဦးက ပြောသည်။
“ လည်ပင်းမှာထိတဲ့ ကြိုးဒဏ်ရာကတော်တော်ဆိုးတယ်။စကားလည်းမပြောနိုင်တော့ဘူး။အောက်ဆီဂျင်တောက်လျှောက်ပေးထားရတယ်။ကျောကုန်းဆို စုတ်ပြဲဒဏ်ရာတွေအများကြီး သေနတ်ဒင်နဲ့ထုထားတဲ့ဒဏ်ရာတွေလည်းရှိသေးတယ်။ဆေးရုံမှာ သတိကရလိုက်မရလိုက်နဲ့ မြော့မြော့ပဲကျန်တယ်” ဟု ၎င်းကပြောသည်။
အသက်၂၅နှစ်အရွယ်ရှိ ကိုမင်းနိုင်ကို ပုလောဆေးရုံသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် မြိတ်ဆေးရုံသို့ ညတွင်းချင်းလွှဲပေးခဲ့ရကြောင်း သိရသည်။
“ မြိတ်ဆေးရုံရောက်တော့ ၁၀ရက်နေ့ပေါ့။အဲ့မှာ အရေးပေါ်ကိုတင်ပြီးကုတာ မရတော့ဘူး။အဲ့တာနဲ့ ရန်ကုန်ဆေးရုံကြီးကို ထပ်လွှဲတာ။၁၁ရက်နေ့ ကျ ရန်ကုန်ဆေးရုံဘက်ပို့တော့ မော်လမြိုင်နားအရောက်မှာ အသက်ထွက်သွားပြီ။သေခါနီးအချိန်ထိ မချိမဆန့်အရိုက်ခံထားရတာ။တစ်ရွာတည်းသားချင်းမှန်းသိရက်နဲ့ ပြည်သူ့စစ်တွေက ရိုက်တာ။ကောင်လေးက PDFလည်းမဟုတ်ဘူး။သူတို့လည်းသိနေရဲ့သားနဲ့လုပ်တာ” ဟု၎င်းကပြောသည်။
သေဆုံးသွားသည့် ကိုမင်းနိုင် ဖြစ်စဉ်ကို မည်သူ့ကိုမျှမပြောရန်နှင့် ပြောပါက ဖမ်းဆီးမည်ဟု ပျူစောထီးတို့က ရှပ်ပုံရွာသားများကို ခြိမ်းခြောက်ပြောဆိုကြောင်း MPA ကစုံစမ်းသိရသည်။