စစ်ကိုင်းတိုင်း၊မုံရွာမြို့နယ်၊ခိုးသန်းကျေးရွာက ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးသွားပြီးနောက် အဆက်သွယ်ပြတ်နေကြောင်းသိရသည်။
ဇန်နဝါရီ၉ရက်နေ့၊နံနက် ၅နာရီခန့်က ခိုးသန်းကျေးရွာသို့ စစ်ကောင်စီတပ်သားများက လက်နက်ကြီးဆယ်ချက်ဝန်းကျင် ပစ်ခတ်ဝင်ရောက်ခဲ့ရာ ရွာသားအချို့ ဖမ်းဆီးခံခဲ့ရကြောင်း ခိုးသန်းကျေးရွာသားတစ်ဦးကဆိုသည်။
“ သူတို့လက်နက်ကြီးနဲ့ပစ်ဝင်လာတော့ကျွန်တော်တို့ရွာသားတွေ ထွက်ပြေးကြတယ်၊မထွက်ပြေးနိုင်တဲ့ လူ ၃၀ လောက်ကိုစစ်တပ်ကဖမ်းသွားတယ်၊နေအိမ်တွေလည်းမီးရှို့သွားတယ်” လို့ ၎င်းကဆိုသည်။
နေအိမ် ၅လုံးနှင့် နွားတဲ ၃လုံးကို စစ်ကောင်စီတပ်ကမီးရှို့သွားပြီး နွားတစ်ကောင်လည်း မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။
ဖမ်းဆီးသွားသည့်ပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီတပ်က မုံရွာမြို့၊အမှတ် ၅ တည်းခိုရေးတပ်သို့ ခေါ်ဆောင်သွားကြောင်းသိရပြီး ယနေ့ညနေပိုင်းအထိ အဆက်သွယ်မရသေးကြောင်း သိရသည်။
“မနက်အစောကြီး ရွာကို အလစ်ဝင်စီးတာ တချို့ရွာသားတွေက အငိုက်မိပြီး မပြေးနိုင်ဘဲ အဖမ်းခံ လိုက်ရတာပါ။သက်ကြီးပိုင်းတွေလည်း မပြေးနိုင်လို့ အဖမ်းခံလိုက်ရတယ်လို့ ကြားတယ်”ဟု မုံရွာမြို့ နေ PDF ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။
ခိုသန်းကျေးရွာတွင် နေအိမ်၃၀၀ဝန်းကျင်ရှိပြီး ရွာသား၅၀၀ကျော်တို့မှာ ယနေ့ညနေပိုင်းအထိ နီးစပ်ရာ ရွာများ၌ ခိုလှုံနေကြရကြောင်းသိရသည်။
စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံအဖွဲ့အစည်းတို့၏ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ထိ နေအိမ်ပေါင်း ၂၇,၄၉၆ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း Data For Myanmar ၏ ဒီဇင်ဘာ ၁၀ရက်နေ့ထုတ်ပြန်ချက်အရသိရသည်။