စစ်ကောင်စီ စိတ်ကူးယဉ်နေသည့် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် လူဦးရေစာရင်းလိုက်လံ ကောက်ခံနေသူများကို ချေမှုန်းသွားမည်ဟု သထုံခရိုင်ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဇန်နဝါရီ၉ရက်နေ့မှစတင်ကာ ပေါင်၊သထုံ၊ဘီးလင်းနှင့် ကျိုက်ထိုမြို့တို့တွင်အုပ်ချုပ်ရေးမှူး၊လဝက၊ စစ်သား နှင့်လက်နက်ကိုင်ထားသည့်ရဲတို့ လူဦးရေစာရင်း လိုက်လံကောက်ခံလျက်ရှိကြောင်း ဒေသခံများက ပြောသည်။
“မနေ့ကစပြီး မြို့ထဲမှာရော မြို့နဲ့နီးတဲ့ရွာတွေမှာ လူဦးရေစာရင်းလိုက်ကောက်နေပြီ။ကျွန်တော်တို့ ဘက်က ချေမှုန်းသွားဖို့ အသင့်ပါပဲ”ဟု သထုံခရိုင်ပကဖ တာဝန်ရှိသူကပြောသည်။
စစ်ကောင်စီလက်အောက်ခံ Non CDM များကို တိုက်ခိုက်ခဲ့ခြင်းမျိုးမရှိသော်လည်း စစ်ကောင်စီ ရွေး ကောက်ပွဲအတွက် ပူးပေါင်းပါဝင်လုပ်ဆောင်နေသည့် မည်သူမဆိုအပေါ် ပြည်သူ့ရန်သူအဖြစ် သတ်မှတ်ချေမှုန်းသွားရမည်ဟု သထုံတက်ကြွလှုပ်ရှားသူတစ်ဦးကပြောသည်။
ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်နေသူများကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် ပြင်းထန်စွာ တရားစွဲအရေးယူသွားမည်ဖြစ်ကြောင်း NUG အစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဇန်နဝါရီ၉ရက်တွင်ကြေညာချက်ထုတ်ပြန် ထားသည်။
“တခြားနေရာတွေတော့ မသိဘူး။သထုံနဲ့ ကျိုက်ထိုမှာတော့ လူဦးရေစာရင်းကောက်မယ့်လဝက တွေက မြို့ပေါ်ပဲ ကောက်မယ်၊ရွာမဆင်းနိုင်ဘူးဆိုပြီး ကွန်ပလိန်းလုပ်တဲ့သူတွေရှိတယ်။ရွာဆင်းပြီး စာရင်းကောက်တဲ့အချိန် အပစ်ခံရမှာ ကြောက်နေကြတယ်။ လဝက မှမဟုတ်ဘူး၊ လုံခြုံရေးလိုက်ပေးနေရတဲ့ ရဲတွေလည်း ကြောက်နေတယ်”ဟု သထုံမြို့ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
ကျိုက်ထိုမြို့၊ကော့စံနိုင်ရပ်ကွက်နေ ပြည်သူတစ်ဦးကလည်း ကျိုက်ထိုမြို့တွင် လဝက အပြင် အခြားဌာနဆိုင်ရာဝန်ထမ်းများကိုပါ လူဦးရေစာရင်းကောက်ခိုင်းခြင်းမျိုးရှိပြီး မည်သူမျှ မလုပ်ချင်ကြကြောင်း ဆိုသည်။
ဇန်နဝါရီ၉ရက်နေ့က ကျိုက်ထိုမြို့နယ်၊ကော့ထင်းရွာနှင့် ဘိုရားကြီးရွာတို့တွင် စစ်သားနှင့်ရဲတို့လိုက် ပါလာကာ တစ်အိမ်တက်ဆင်း သန်းခေါင်စာရင်းလိုက်စစ်ရုံတင်မက ဖုန်းကိုပါ စစ်ဆေးနေကြ ကြောင်း ယင်းနေ့ နံနက် ၁၁နာရီခန့်က ကျိုက်ပိရွာအတွင်း လူဦးရေစာရင်းကောက်ခံရာ၌ စစ်သား များ အင်အားပြလိုက်ပါခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းများ ဖော်ပြနေသည့် KIT က ဖော်ပြ သည်။
“မနေ့က လောင်းလုံးမှာထင်တယ်။ မဲစာရင်းလိုက်ကောက်နေတာကို PDF ဆော်ထည့်လိုက်တာ။ ဒါ တောင်PDF တွေက အရပ်ဝတ်ဝန်ထမ်းတွေ မဆော်ဘဲ စစ်သားပဲရွေးပစ်သွားသေးတာ။ နောက်တစ်ခါဆို အကုန်ဆော်မယ်လို့လည်း ကြိမ်းထားတယ်။ကျွန်တော်တို့ဘက်မှာလည်း မှတ်လောက်အောင် နမူနာအနေနဲ့ ဆော်ပေးဖို့လိုပြီ”ဟု သထုံမြို့၊မင်းလမ်းနေ ပြည်သူတစ်ဦးကပြောသည်။
တနင်္သာရီတိုင်း၊လောင်းလုံးမြို့နယ်အတွင်း လူဦးရေစာရင်းလိုက်ကောက် နေသည့် အဖွဲ့ကို ဇန်နဝါရီ၉ရက်နေ့က ရှင်းလင်းခဲ့ရာ စစ်သားတစ်ဦးသေဆုံးပြီး သေနတ်တစ်လက် သိမ်းဆည်းရမိခဲ့ကြောင်း Dawei Guerrilla Revolutionary Foce-DGRF ကထုတ်ပြန်ထားသည်။