ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ဘေးရှောင်စခန်းများရှိ စစ်ဘေးရှောင်များကို စစ်ကောင်စီတပ်က အတင်းအဓမ္မ စစ်တပ်က ရိက္ခာသယ်ခိုင်းနေကြောင်း စစ်ဘေးရှောင်များက အတည်ပြုပြောကြားသည်။
အဆိုပါ စစ်ဘေးရှောင်စခန်းများမှ တစ်နေ့လျှင် စစ်ဘေးရှောင် ၁၀ ဦးစီ မဖြစ်မနေ ရိက္ခာသယ်ပေးရမည်ဟု ဇန်နဝါရီလ ၉ ရက်၊ မနေ့က စစ်ကောင်စီ၏ ၂၈၉ တပ်မှ လာရောက်အကျပ်ကိုင် ပြောဆိုခဲ့ခြင်းဖြစ်သည်။
” ပလက်ဝမှာရှိတဲ့ စစ်ဘေးရှောင်တွေ မဖြစ်မနေသယ်ပေးရမယ်။ မသယ်ပေးရင်ဖမ်းမယ်။ ရိက္ခာတွေလည်း မထောက်ပံ့တော့ဘူးလို့ အားနဲ့ ပြောပါတယ်” ဟု ပလက်ဝမြို့ပေါ်ရှိ စစ်ဘေးရှောင်တစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ ရိက္ခာဆန်အိတ်များ အတင်းအဓမ္မ သယ်ယူခိုင်းနေခြင်းမှာ ပလက်ဝမြို့ နယ်၊ အဘောင်သားရွာမှ ခဝဲရွာရှိ စစ်ကောင်စီစစ်တပ်ဗျူဟာသို့ တောတောင်များကိုဖြတ်ပြီး ငါးနာရီခန့် လမ်းလျှောက်သယ်ခိုင်းနေခြင်းဖြစ်သည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။
ထို ပလက်ဝမြို့နယ်ရှိ ၂၈၉ တပ်မှ စစ်တပ်အရာရှိကြီးများ ကိုယ်တိုင် စစ်ဘေးရှောင်စခန်းများသို့ လာရောက်ပြောဆိုခဲ့သဖြင့် စစ်ဘေးရှောင်များမှာ မသယ်ပေးချင်ကြသော်လည်း စိုးရိမ်ကြောက်လန့်နေရသဖြင့် မသယ်ပေးနိုင်ကြောင်း မည်သူမှ ပြန်မပြောရဲကြောင်းလည်း ဆိုကြသည်။
” ကြောက်တော့ မသယ်ပေးချင်ကြပေမယ့် ဘယ်သူမှ ပြန်မပြောရဲကြဘူး။ လမ်းက ဝေးတယ်။ ပြီးတော့ အန္တရာယ်များတယ်လေ။ ဆန်အိတ်ထမ်းပြီး ဘယ်သူသွားရဲမလဲ” ဟု နောက်ထပ်စစ်ဘေးရှောင်တစ်ဦးက MPA သို့ ပြောသည်။
ထို အဘောင်သားကျေးရွာအနီးတွင် ပြီးခဲ့သည့် တကျော့ပြန်တိုက်ပွဲအတွင်း ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သဖြင့် ထိုလမ်းတွင် မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်များ အန္တရာယ်ကိုလည်း စိုးရိမ်နေရသည်ဟု စစ်ဘေးရှောင်များက ဆိုကြသည်။
ပြီးခဲ့သည့် တကျော့ပြန်တိုက်ပွဲအတွင်း ပလက်ဝမြို့နယ်ရှိ စစ်ကောင်စီတပ် စခန်းအချို့ကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး အချို့စခန်းများမှာ တပ်ဆုတ်ရုပ်သိမ်းသွားခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
ရခိုင်နှင့် ပလက်ဝတွင် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့ကစတင်ပြီးအေအေနှင့် စစ်ကောင်စီတပ်တို့ကြား ရုတ်တရက် ယာယီအပစ်ရပ်ထားသော်လည်း စစ်ကောင်စီတပ်ကမူ လက်နက်ရိက္ခာစစ်သည် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေသည်ဟုလည်း ဒေသခံများက ဆိုကြသည်။