ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များ၌ စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများကဦးဆောင်ကာ လူဦးရေစာရင်း လိုက်လံကောက်ခံနေကြကြောင်း သိရသည်။
သာယာဝတီ မြို့ပေါ်ရပ်ကွက်များတွင် အုပ်ချုပ်ရေးမှူးများ ဦးဆောင်၍ အိမ်ထောင်စု စာရင်းများကို လိုက်လံကောက်ခံနေကြကြောင်း မြို့ခံတချို့ကပြောသည်။
“ မဲစာရင်းကောက်တယ်လို့အမည်မခံဘူး။ အိမ်ထောင်စုဇယားနဲ့ မှတ်ပုံတင်တိုက်စစ်တယ်။ ရပ်ကွက်အုပ်ကြီးနဲ့သူ့လက်တိုလက်တောင်း ၃ ယောက်လောက်ပဲပါတယ်။ဘယ်အဖွဲ့အစည်းမှမပါဘူး။ တစ်အိမ်တက်ဆင်းမလုပ်ဘူး။ သူတို့နဲ့ပဏာသင့်တဲ့အိမ်မှာထိုင်ပြီး မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားယူလာဖို့ လူတစ်ယောက်ကလမ်းထဲလိုက်ပြောတယ် “ ဟု နတ္တလင်းမြို့ခံတစ်ဦးကပြောသည်။
အုတ်ဖိုမြို့နယ်တွင် အုပ်ချုပ်ရေးမှူးများနှင့်ရပ်ကျေးထွေ/အုပ်စာရေးများဦးဆောင်၍ လူဦးရေစာရင်း လိုက်လံကောက်ခံနေပြီး မှတ်ပုံတင်ကတ်များ ပြုလုပ်ပေးရန် စာရင်းကောက်ခံခြင်းဖြစ်သည်ဟု ဆိုကြောင်း ဒေသခံများထံက စုံစမ်းသိရသည်။
“မြို့ပေါ်မှာတော့ မသိဘူး ၊ကျွန်တော်တို့ရွာမှာတော့ ရွာက ကျောင်းဆရာမနဲ့ ရပ်/ကျေးစာရေးက ကောက်တာ မှတ်ပုံတင်လုပ်ပေးဖို့ပြောပြီး ကောက်တာ။သူတို့ ဝန်ထမ်းအားနဲ့ မလောက်လို့ ခေါ်သုံးတာလည်းဖြစ်မယ်”ဟု အုတ်ဖို့မြို့နယ်၊ကျေးလက်နေဒေသခံတစ်ဦးကပြောသည်။
သာယာဝတီခရိုင်အတွင်း၌ သာယာဝတီ၊လက်ပံတန်း၊မင်းလှ၊မိုးညို၊အုတ်ဖို၊ကြို့ပင်ကောက်၊ဇီးကုန်းနှင့် နတ္တလင်း မြို့ဟူ၍ မြို့နယ် ၈ မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ခန့်မှန်း လူဦးရေ ၁,၀၆၁,၄၆၇ ရှိသည်။