ကေအဲန်ယူ၊ ဖာပွန်ခရိုင်အတွင်းသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ်များဖြင့် ယနေ့နံနက်ပိုင်းတွင် ဗုံးအလုံး၂၀ကျော် ကြဲချခဲ့ရာ ဒေသခံ ရွာသားတစ်ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၁၀နာရီ၁၀မိနစ်ခန့်တွင် ကေအဲန်ယူ တပ်မဟာ၅နယ်မြေအတွင်းရှိ ဒေဘိုးနိုဒေသသို့ ဗုံး ၄လုံးလာရောက်ကြဲချခဲ့ရာ ရွာသားတစ်ဦး ဒဏ်ရာရရုံတင်မက အဆောက်အအုံ၁လုံးနှင့် ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ-မူတြော်သတင်းစဉ်က ဆိုသည်။
ထို့ပြင် ယနေ့နံနက် ၇နာရီမိနစ်၄၀မှ ၉နာရီအထိ တိုက်လေယာဉ်၇စီးဖြင့် ဗုံးအလုံး၂၀ခန့် လာရောက် ကြဲချခဲ့ရာ ရွာသားများ၏ လုပ်ငန်းခွင်အတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။
“စစ်တပ်က အရပ်သားတွေကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို တောက်လျှောက်လုပ် နေတဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက သေချာထိရောက်တဲ့ ထိန်းချုပ်မှုလုပ်ဖို့လိုနေပါပြီ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏တိုက်ခိုက်ရေးလေယာဉ်များကို ထိန်းချုပ်လိုက်နိုင်လျှင် နွေဦးတော်လှန်ရေးအင်အားစုများဘက်က စစ်ရေးရလဒ်ကောင်းများစွာ ထွက်ပေါ်လာနိုင်ဖွယ်ရှိကြောင်းလည်း ၎င်းကပြောသည်။
ယင်းသို့ လေကြောင်း စစ်ဆင်ရေးများပြုလုပ်နေခြင်းကြောင့် ဒေသခံများအနေနှင့် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး စိုးရိမ်ကြောက်လန့်နေကြရကြောင်း ကေအဲန်ယူ-မူတြော်သတင်းစဥ်ကဖော်ပြသည်။