မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ် ထမ္မကောက်ကျေးရွာတွင် ဇန်နဝါရီ ၁ ရက်နေ့ နံနက်အစောပိုင်းက စစ်တပ်ပစ်ခတ်လိုက်သည့် ကျည်ထိမှန်ပြီး ကလေးတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများဆီက သိရသည်။
ရွာ၏ အနောက်တောင်ဘက်ကုန်းပေါ်တွင် ထင်းခွေနေသည့် အသက် ၁၂ နှစ်အရွယ် ကလေးမလေးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ကျေးရွာဒေသခံတစ်ဦးက ဆိုသည်။
“ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အဲ့ဒီရွာထဲက စစ်သားတွေကို ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်တာ၊ စစ်သားတွေဘက်က ပြန်ရမ်းပစ်တာ၊ အမြင်မရှင်းတော့ ကလေးမလေး ထင်းခွေနေတဲ့ဘက်ကို ပစ်လိုက်တာထိသွားတာ” လို့ ကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ဆိုသည်။
ပစ်ခတ်ခံရသူသည် မဧမူမူအောင်ဟု ခေါ်ပြီး ဖခင်ဖြစ်သူက စစ်မှုထမ်းဟောင်းတစ်ဦး ဖြစ်သည်ဟု ဆိုပြီး ရွာထဲတွင် တပ်စွဲထားသည့် စစ်သားများကို ထမင်းဟင်းချက်ကျွေးနေသူဟုလည်း ဆိုကြသည်။
မဧမူမူအောင်၏ အလောင်းကို ရွာထဲသယ်လာပြီး သင်္ဂြိုဟ်လိုက်ပြီဟု ကျေးရွာဒေသခံတွေဆီက သိရသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ကလည်း ဆိပ်ဖြူမြို့နယ်၊ ရေထွက်ကျေးရွာက စစ်ရှောင်အမျိုးသားတစ်ဦးကို စစ်တပ်က ပစ်ခတ်ခဲ့သောကြောင့် ဦးခေါင်းထိမှန်သေဆုံးခဲ့ရသည်ဟု စုံစမ်းသိရှိရသည်။