စစ်ကိုင်းတိုင်း၊မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်နှင့်ရဲများကို စခန်းအပြင်သို့ မထွက်ကြရန် ညွှန်ကြားထားကြောင်း သိရသည်။
မြင်းမူမြို့ပေါ်ရှိ စစ်သားနှင့်ရဲတို့ အပြင်ထွက်သည်နှင့် PDF တို့၏ တိုက်ခိုက်ခြင်းခံရကာ သေဆုံးနေခြင်းကြောင့် မြို့စောင့် ဗိုလ်မှူးက ဇန်နဝါရီ၂ရက်နေ့တွင် ယင်းသို့ ညွှန်ကြားခြင်းဖြစ်ကြောင်း မြင်းမူမြို့ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးကပြောသည်။
“အခု မြင်းမူမှာက Zero ပြောက်ကျားဆိုရင်ကို စစ်သားရော ရဲရောကြောက်နေကြပြီ။ ၁ရက်နေ့ တုန်းကလည်း မနက်အစောကြီး အပြင်ထွက်လာတဲ့စစ်သားတွေကို မိုင်းခွဲသွားတာ စစ်သား၂ကောင် သေသွားပြီးတော့ ကြောက်ကြောက်လန့်လန့်နဲ့ အပြင်မထွက်ဖို့ အမိန့်ထုတ်တာလို့ ထင်တယ်”ဟု ၎င်းကပြောသည်။
မြင်းမူမြို့ပေါ်ရှိ စစ်ကောင်စီတပ်သားနှင့်ရဲတို့ တိုက်ခိုက်ခံနေရခြင်းမှာ PDF သတင်းပေး ဖရဲသီးများ ရှိနေခြင်းကြောင့်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းမည်သူ့ကိုမျှ မယုံရန်နှင့် ရဲများကိုလည်းမယုံရန် စစ်တပ်အရာရှိကပြောကြောင်း ကြားသိရသည်ဟု ၎င်းကဆိုသည်။
ဇန်နဝါရီ၁ရက်နေ့ မနက်၆နာရီမိနစ်၄၀ခန့်က နှစ်သစ်ကိုကြိုဆိုသည့်အနေနှင့် စခန်းအပြင်သို့ ထွက်လာသည့် စစ်သား၃ဦးအား ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့် TRUE Fighter အဖွဲ့တို့က မြင်းမူမြို့ လွတ်လပ်ရေးကျောက်တိုင်ရှေ့ ၌ လျှပ်တပြတ် တိုက်ခိုက်ခဲ့ရာ စစ်သား၂ဦးသေ၊၁ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ )ကထုတ်ပြန်ထားသည်။
နိုဝင်ဘာ၂၂ရက်နေ့ညကလည်း မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်စောင့် စစ်သားများ ဝိုင်းဖွဲ့အရက် သောက်နေစဉ် လက်ပစ်ဗုံးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား၅ဦးသေ၊၂ဦးပြင်းထန်ဒဏ်ရာရခဲ့ကြောင်း လည်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ )ကထုတ်ပြန်ခဲ့ဖူးသည်။
“မြန်မာ့စီးပွားရေးဘဏ်စောင့်စစ်သားတွေဆို ခဏခဏ အတိုက်ခံရပြီးသေတယ်။ရဲတွေလည်း အဆော်ခံရနေတယ်ဆိုတော့ PDF တွေက မြင်းမူမြို့ပေါ်မှာ တောက်လျှောက်စောင့်ကြည့်နေ တယ် လို့ စစ်တပ်က ထင်တယ်။တကယ်လည်း စောင့်ကြည့်နေပုံပါပဲ။ဖရဲသီးလည်း သူတို့စစ်သားတွေ ကြားမှာကို ရှိပုံရတယ်”ဟု ၎င်းက ဆက်ပြောသည်။
PDFများသည် မြင်းမူပြည်သူများနှင့် အရပ်သားဌာနဆိုင်ရာဝန်ထမ်းများကို တိုက်ခိုက်ခြင်းမရှိကြောင်း သိရသည်။မြင်းမူမြို့စောင့် ဗိုလ်မှူးသည်လည်း ZERO ပြောက်ကျားတပ်ဖွဲ့ ကို ကြောက်ပြီး အပြင်သို့ မထွက်ရဲကြောင်းလည်း သိရသည်။