စစ်ကောင်စီက ဖမ်းဆီးရန် စာရင်းထုတ်ပြန်ထားသည့် မောင်တောခရိုင်ရှိ ဒေသခံလေးရာကျော် စာရင်းကို စစ်ဆေးရေးဂိတ်များတွင် ရှာဖွေစစ်ဆေးနေမှုများ ပြုလုပ်နေသည်ဟု စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတည်ပြုပြောကြသည်။
အဆိုပါ လေးရာကျော်စာရင်းကို မောင်တောခရိုင်တစ်ခုလုံးရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်အားလုံးသို့ ပို့ပေးထားပြီး ထိုစာရင်းတွင် ပါသူများအား ခရီးသည်များတွင် ပါလာခြင်း ရှိ၊ မရှိကို အတည်ပြု စစ်ဆေးခိုင်းထားသည်ဟု ဆိုကြသည်။
” မောင်တောခရိုင်က ဖမ်းမယ့် စာရင်းအားလုံးကို ဂိတ်အားလုံးကို ပို့ထားပြီးသားပါ။ အဲဒီလူတွေကို တွေ့ရင်လည်း တခါတည်းဖမ်းဖို့ ညွှန်ကြားထားပြီးသားပါ။ ပါမပါသာ စိစစ်နေကြတာပါ” ဟု မောင်တောမြို့နယ် မြောက်ပိုင်းရှိ အင်းဒင်စစ်ဆေးရေးဂိတ်မှ နယ်ခြားစောင့်အရာရှိတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီဖမ်းဆီးမည့် စာရင်းတွင် စစ်ကောင်စီ၏ အထွေထွေအုပ်ချုပ်ရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်၊ ရဲသတင်းတပ်ဖွဲ့၊ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများအပြင် ရခိုင်ဘက်လူမှုအဖွဲ့အစည်းများ၊ ကုန်သည်များ၊ သတင်းသမားတချို့နှင့် ဒေသခံများလည်း ပါဝင်သည်ဟု စစ်ကောင်စီအရာရှိအချို့က အတည်ပြုကြသည်။
ထို စာရင်းကို စစ်ကောင်စီတပ်က တကျော့ပြန် ရခိုင်တိုက်ပွဲ မရပ်တန့်ခင်ကတည်းက ရရှိထားပြီး ထိုအချိန်ကတည်းက ဖမ်းဆီးတရားစွဲဆို ခံထားရသူအချို့လည်း ရှိနေကြောင်းလည်း ဆိုကြသည်။
” ဖမ်းဆီးခံထားရသူတွေဆီက ရသွားတဲ့ အချက်အလက်တွေ၊ နောက်ပြီး ULA/AA က ဖမ်းဆီးရမိသူ တချို့ဆီက စာရင်းတွေ ရသွားတာ။ အဲဒီစာရင်းအတိုင်း ဖမ်းခိုင်းထားတာ၊ ရှာနေကြတာ” ဟု မောင်တောခရိုင်မှ စစ်ကောင်စီအရာရှိတစ်ဦးက MPA သို့ ပြောသည်။
ဖမ်းဆီးမည့်စာရင်းတွင် ဒေသခံ အများဆုံးပါဝင်ပြီး ဒုတိယအများဆုံးမှာ မောင်တောခရိုင်ပညာရေးဌာနမှဖြစ်ကာ နယ်ခြားစောင့်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရခိုင်လူမျိုးများလည်း ပါဝင်သည်ဟု ၎င်းအရာရှိက ထပ်လောင်းအတည်ပြု ပြောကြားသည်။
ထို့အပြင် မောင်တောခရိုင်ကျန်းမာရေးဌာနမှ ဝန်ထမ်းအချို့နှင့် အခြားဌာနဆိုင်ရာ ဝန်ထမ်းအချို့အပါအဝင် မောင်တောခရိုင်မှ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များလည်းပါဝင်သည်ဟု ဆိုကြသည်။
မောင်တောမြောက်ပိုင်းက စတင်ခဲ့သည့် တကျော့ပြန် ရခိုင်တိုက်ပွဲစတင်စဥ်မှ ယနေ့အထိ စစ်ကောင်စီတပ်က မောင်တောခရိုင်မှ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ရက်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များ၊ ကုန်သည်များနှင့် ဒေသခံပြည်သူအချို့ကို ULA/AA နှင့် ဆက်စပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုထားသည်။
ထိုစာရင်းထဲမှ နောက်ထပ် ကျန်ရှိနေသူများကို အမည်၊ နေရပ်လိပ်စာ အတိအကျဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများတဆင့် ရှာဖွေစုံစမ်း ဖမ်းဆီးခိုင်းနေခြင်းဖြစ်သည်ဟု မောင်တောခရိုင်မှ ရဲအရာရှိကြီးတစ်ဦးက အတည်ပြုပြောကြားသည်။
” ရခိုင်သားရဲတွေ၊ နယ်ခြားစောင့်တွေလည်း ဖမ်းမယ့်စာရင်းထဲမှာ ပါပါတယ်။ အဓိက အေအေဆီ အတွင်းသတင်း၊ ကြေးနန်းစာတွေ ရောက်သွားတာရယ်။ ငွေကြေးထောက်ပံ့တယ် ဆိုတာရယ်ကြောင့်ပါ။ အထက်က တခါတည်းညွှန်ကြားလာတာပါ” ဟု ၎င်းက MPA သို့ပြောသည်။
ထိုစာရင်းတွင် ပါနေသူအများအပြား၏ နေအိမ်များသည် အကြိမ်ကြိမ်ဝင်ရောက်ရှာဖွေ မေးမြန်းမှုများလည်း ခံခဲ့ကြရသည်ဟု ကာယကံရှင်များ၊ မိသားစုဝင်များနှင့် မြို့ခံများက ဆိုသည်။
စာရင်းတွင် ပါသည့် ဌာနဆိုင်ရာဝန်ထမ်းအချို့၏ အမည်ကြောင့် ထိုဌာနမှ အရာရှိများလည်း ဖိအားပေး၊ ငြိုငြင်ခံရမှုများရှိနေပြီး ဌာနတွင်း စာထုတ်ကာ အတင်းလက်မှတ်ထိုးရန် စေခိုင်းမှုများလည်း ရှိသည်ဟု မောင်တောခရိုင်မှ ဌာနဆိုင်ရာ အရာရှိများက ဆိုကြသည်။
စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားသည့် မောင်တောခရိုင်မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းဝင်အချို့၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူအချို့နှင့် ဒေသခံများသည် ၎င်းတို့ မိသားစုဝင်များနှင့် တွေ့ဆုံခွင့်မရကြဟုလည်း ဆိုကြသည်။
ထိုသူအားလုံးကို မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁ ) (၂) အပြင် အခြားပုဒ်မများဖြင့်လည်း အမှုဖွင့်တရားစွဲဆိုထားပြီး ယာယီတိမ်းရှောင်နေသူအချို့ကို ဝရမ်းပြေးအဖြစ် သတ်မှတ်မှုများပြုလုပ်ထားကာ ပုဒ်မ ၇ ခုအထိ တပ်ပြီး အမှုဖွင့်ခံထားရသူ အချို့လည်းရှိကြောင်း သတင်းရင်းမြစ်များက MPA သို့ ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီ ဖမ်းဆီးမည့်စာရင်းတွင် ပါဝင်နေသော မောင်တောမြို့ခံ၊ ထွေအုပ်ဝန်ထမ်းတစ်ဦးကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားပြီး မတရားအသင်း ဆက်သွယ်မှု ဥပဒေဖြင့် အမှုဖွင့်ထားသည်ဟု မိသားစုဝင်များက ဆိုသည်။
မောင်တောခရိုင်နေ ရခိုင်လူမျိုးများကိုသာမက ရိုဟင်ဂျာများကိုလည်း အေအေနှင့် မပတ်သက်ရန်၊ အေအေကို ကူညီထောက်ပံ့မှုများ မပြုလုပ်ရန်လည်း စစ်ကောင်စီဘက်မှ ဖိအားပေးခြိမ်းခြောက် ပြောဆိုမှုများရှိကြောင်းလည်း ရိုဟင်ဂျာများက ဆိုကြသည်။