ရခိုင်တွင် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး အများအပြား နုတ်ထွက်ကြကြောင်း သတင်းရရှိသည်။
အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးများမှာ ရသေ့တောင်မြို့နယ်၊ ကူတောင်နယ်မြေအတွင်းရှိ ကျေးရွာအုပ်စု ၁၉ စုမှ ဖြစ်ပြီး စုစုပေါင်း ၂၀ ဦးအနေဖြင့် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ နုတ်ထွက်စာ တင်လိုက်ခြင်းဖြစ်သည်။
” ကျွန်တော်တို့က နှစ်ဘက်ကြားမှာ ညက်နေပါတယ်။ နှစ်ဘက်စလုံးက ဖိအားပေးမှုတွေ ရှိနေပါတယ်။ အမှန်တကယ် ပြည်သူတွေအတွက် အလုပ်လုပ်ဖို့မရပါဘူး။ ဒါကြောင့် နုတ်ထွက်လိုက်တာပါ” ဟု အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက MPA သို့ ပြောသည်။
ထို ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ရုံးတံဆိပ်များကို ယခုဒီဇင်ဘာလဆန်းကတည်းက ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) သိမ်းယူထားသဖြင့် ဒေသခံရွာသူ၊ ရွာသားများ ကျေးရွာအုပ်ချုပ်ရေးမှူး ထောက်ခံစာယူရာတွင် အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု ထိုကျေးရွာသားများက ဆိုသည်။
ရုံးတံဆိပ်တုံးများကို ULA/AA က အမှန်တကယ် သိမ်းယူထားခြင်းဟုတ်၊ မဟုတ်ကို MPA က သီးခြားအတည်မပြုနိုင်သေးပါ။ MPA အနေဖြင့် ULA/AA သို့ ဆက်သွယ်မေးမြန်း အတည်ပြုနေဆဲဖြစ်သည်။
ထိုအပြင် ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ကောင်စီ လက်အောက်ခံ ကျေးရွာအုပ်ချုပ်ရေးမှူး ၇ဝ ဦးလည်း နုတ်ထွက်စာတင်ခဲ့ကြသည်။
” ရခိုင်မှာ တိုက်ပွဲ စဖြစ်ကတည်းက တခါတည်း အများကြီးနုတ်ထွက်ကြတာပါ။ အဲဒီနောက်ပိုင်း ULA/AA ကလည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေးတွေကို လုပ်လာတော့ အပြိုင်အဆိုင် ဖြစ်လာကြတာပါ။ တစ်ယောက်တည်းဟာ နှစ်ဘက်စလုံးနဲ့ အဆင်ပြေရင်တော့ ကောင်းတာပေါ့” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက MPA သို့ ပြောသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) မှ ရက္ခိုင့်ပြည်သူ့အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ အခွန်ကောက်ခံရေးတို့ကို စတင်ပြုလုပ်လာခဲ့သည်။
ထိုနောက် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုလည်း ULA/AA ဘက်ကလည်း အစားထိုး ခန့်အပ်ခဲ့ကြပြီး ထိုအထဲတွင် အချို့ကျေးရွာ၊ ရပ်ကွက်များတွင် စစ်ကောင်စီခန့်နှင့် ULA/AA ခန့်မှာ တစ်ဦးတည်းဖြစ်ပြီး အချို့နေရာများတွင် တစ်ဘက်စီမှ တစ်ဦးစီ ခန့်အပ်ထားကြောင်းလည်း ထိုကျေးရွာအုပ်ချုပ်ရေးမှူးများက ဆိုကြသည်။
” စစ်တပ်ရော AA ဘက်ကပါ ပြည်သူတွေကို ကြည့်သင့်ပါတယ်။ ကျွန်တော်တို့မှာ အုပ်ချုပ်ရေးမှူး ထောက်ခံစာယူလို့မရတော့ မှတ်ပုံတင်လုပ်ဖို့ကအစ အဆင်မပြေပါဘူး။ နှစ်ဘက်စလုံးက ဖိအားပေးတော့ ကြားထဲမှာ ပြည်သူတွေပဲ ခံနေကြရပါတယ်” ဟု ရသေ့တောင်မြို့ နယ်၊ ဇီးကိုင်းကျေးရွာသားတစ်ဦးက MPA သို့ ပြောသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်တပ်တို့ ပထမအကြိမ် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကာလတွင်လည်း ရသေ့တောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး အများစုအပါအဝင် ရခိုင်တစ်ပြည်နယ်လုံးမှ ကျေးရွာအုပ်ချုပ်ရေးမှူး အများအပြား နုတ်ထွက်ခဲ့ကြသည်။
ပြီးခဲ့သည့် တကျော့ပြန်ရခိုင်တိုက်ပွဲကာလတွင်လည်း ရခိုင်တွင် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့ နုတ်ထွက်စာ တင်ခဲ့ကြသည်။
ထို့အပြင် ပြီးခဲ့သည့် တကျော့ပြန်တိုက်ပွဲကာလအတွင်းနှင့် ယခုအချိန်ထိ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ကို ULA/AA နှင့် ဆက်စပ်ပတ်သတ်မှုဖြင့် စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားမှုများရှိနေသည်ဟု မိသားစုဝင်များနှင့် ဒေသခံများက ဆိုကြသည်။
ရခိုင်တွင် ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ခန့်အပ်လုပ်ကိုင်နေရာတွင် စစ်ကောင်စီခန့် ဖြစ်သော်လည်း ULA /AA နှင့် အဆင်ပြေပါက ထိုကျေးရွာ၊ ရပ်ကွက်အတွက် အဆင်ပြေပြီး အချို့ကျေးရွာ၊ ရပ်ကွက်များတွင် စစ်ကောင်စီခန့်တစ်ဦး၊ ULA/AA ခန့် တစ်ဦးစီ ရှိနေကြသော်လည်း ညှိနှိုင်းဆောင်ရွက်ကြသဖြင့် အားလုံးအတွက် အဆင်ပြေကြောင်းလည်း ဒေသခံပြည်သူများက ဆိုကြသည်။
သို့သော်လည်း ရခိုင်လူမျိုးရပ်ကွက်၊ ကျေးရွာအချို့တွင် စစ်ကောင်စီခန့်တစ်ဦး၊ ULA/AA ခန့်တစ်ဦးစီ ရှိနေပါက အများအားဖြင့် ညှိနှိုင်းဆောင်ရွက်မှုများ အဆင်မပြေဖြစ်တတ်ပြီး တစ်ဦးဦးကို ဖိအားပေး နုတ်ထွက်ခိုင်းခြင်းများလည်း ပြုလုပ်တတ်ကြကြောင်း ရခိုင်ပြည်သူများက ဆိုကြသည်။