ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား အပစ်ရပ်ထားသော်လည်း စစ်ကောင်စီက ဒေသခံရခိုင်ပြည်သူများအား အေအေကို ဆက်သွယ်သည်ဟုဆိုပြီး မတရားအသင်း ဆက်သွယ်မှုများဖြင့် အမှုဖွင့်တရားစွဲ အရေးယူမှုများ ဆက်တိုက် ပြုလုပ်နေသည်ဟု မိသားစုဝင်များနှင့် ရခိုင်ပြည်သူများက ဆိုကြသည်။
အဆိုပါ အမှုဖွင့်အရေးယူခံထားရသည့်အထဲတွင် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်နေကာ တက္ကသိုလ်တက်ပြီး နေအိမ်သို့ပြန်ချိန်မှာ လမ်းရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်မှ မတရားဖမ်းဆီးအမှုဖွင့် တရားစွဲထားခြင်းဟု မိသားစုဝင်များက ဆိုသည်။
” သူက ကျောင်းတက်လို့အိမ်ပြန်လာတာကို အဲဒီ စစ်ဆေးရေးဂိတ်က အကြောင်းမဲ့ ဖမ်းဆီးလိုက်တာပါ။ သူက ဘာပြစ်မှုမှကျူးလွန်ထားတာမရှိပါဘူး” ဟု မိသားစုဝင်တစ်ဦးက MPA သို့ ပြောသည်။
ထိုကဲ့သို့ အမှုဖွင့်ခံထားရသူများထဲတွင် မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာမှ တက္ကသိုလ်အဝေးသင် ပထမနှစ်ကျောင်းသားတစ်ဦးဖြစ်သည့် အသက် ၂၄ နှစ်အရွယ်၊ မောင်ဆန်းဌေးလည်း ပါဝင်နေသည်။
စစ်တွေတက္ကသိုလ်မှ အဝေးသင်တက်ပြီး ရွာပြန်ချိန်မောင်တောမြို့နယ်၊ ကျီးကန်းပြင်ဌာနချုပ်ရှိ စစ်ဆေးရေးဂိတ်တွင် မောင်တောမြို့နယ်၊ မင်္ဂလာညွှန့်ကျေးရွာမှ အသက် ၂၂ နှစ်အရွယ်၊ ကယ်ရီမောင်းသူ ကိုခင်ဇော်နှင့်အတူ ပြီးခဲ့သည့် အောက်တိုဘာလက ဖမ်းဆီးခံထားရခြင်းဖြစ်သည်။
သူတို့နှစ်ဦးကို ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်ဆက်နွယ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) (၂) နှင့် ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့က မောင်တောမြို့နယ်တရားရုံးတွင် ရုံးထုတ်ပြပြီး ဘူးသီးတောင်မြို့နယ်ရှိ အကျဉ်းထောင်သို့ ယူဆောင်သွားသည်ဟု မိသားစုဝင်များက ဆိုကြသည်။
ထို့အပြင် မောင်တောမြောက်ပိုင်းနေ ဆွေမျိုးများရှိရာမှ အလည်ပြန်လာသည့် တက္ကသိုလ်ဝင်တန်းကျောင်းသူတစ်ဦးကိုလည်း မောင်တောမြောက်ပိုင်းရှိ ကြိမ်ချောင်းတပ်မ စစ်ဆေးရေးဂိတ်တွင်လည်း ဒေသခံကယ်ရီသမားတစ်ဦးနှင့်အတူ မတရားဖမ်းဆီးအမှုဖွင့်ထားသည်ဟု မိသားစုဝင်များက ဆိုသည်။
” သူက ဆယ်တန်းတက်နေတဲ့ ကျောင်းသူပါ။ ကျောင်းစားတစ်ဖက်နဲ့ပါ။ ဘယ်အဖွဲ့ကိုမှလည်း မဆက်သွယ်ပါဘူး။ မိန်းကလေးဆိုတော့ ပိုပြီးစိုးရိမ်မိပါတယ်။ အမြန်လွှတ်ပေးစျေခင်ပါတယ်” ဟု မအေးမြစန္ဒာ၏ မိသားစုဝင်တစ်ဦးက MPA သို့ ပြောသည်။
ထို တက္ကသိုလ်ဝင်တန်းကျောင်းသူမှာ မင်းပြားမြို့နယ်၊ ပြိုင်းတောရွာမှ အသက် ၂၄ နှစ်အရွယ်၊ မအေးမြစန္ဒာဖြစ်ပြီး သူကို လိုက်ပို့ပေးသည့် မောင်တောမြို့နယ်၊ အောင်သပြေကျေးရွာမှ ကယ်ရီမောင်းနှင်သူ ကိုမောင်မောင်ကျော်ကိုလည်း မတရားဖမ်းဆီးပြီး မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) (၂) တို့ဖြင့် အမှုဖွင့်တရားစွဲခံထားရခြင်းဖြစ်သည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ နှစ်ဘက်ထိတွေ့တိုက်ပွဲများ ပြင်းထန်နေချိန် ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က တကျော့ပြန် ရခိုင်တိုက်ပွဲကို ရုတ်တရက် ယာယီအပစ်ရပ်လိုက်ကြောင်း နှစ်ဘက်စလုံးမှ အတည်ပြုပြောကြားထားသည်။
ရခိုင်တွင် တကျော့ပြန်ရခိုင်တိုက်ပွဲအတွင်း စစ်ကောင်စီက မတရားဖမ်းဆီးထားသည့် အပြစ်မဲ့အရပ်သားပြည်သူ ၃၂၄ ဦးရှိပြီး ထိုအထဲမှ ၂၃၉ ဦးကို ဖမ်းဆီးအမှုဖွင့် တရားစွဲဆိုထားဆဲဖြစ်ကြောင်း ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/ AA) က ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။
သို့သော်လည်း မိသားစုဝင်များ၊ ရခိုင် ပြည်သူများနှင့် လူ့အခွင့်အရေး စောင့်ကြည့်နေ့သည့် အဖွဲ့များကမူ တကျော့ပြန် ရခိုင်တိုက်ပွဲအတွင်း ရခိုင်ပြည်သူ တစ်ထောင်နီးပါးအထိ စစ်ကောင်စီ၏ ဖမ်းဆီးမှုကိုခံခဲ့ကြရပြီး ထိုအထဲက တစ်ရာခိုင်နှုန်းခန့်ကိုသာ ပြန်လွှတ်ပေးခဲ့ကာ ဖမ်းဆီးခံထားရသူအများစုမှ မိသားစုဝင်များနှင့် အဆက်အသွယ်မရသည့်အပြင် လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှုများအတွင်လည်း စိုးရိမ်နေရသည်ဟု ဆိုကြသည်။
ရခိုင်တကျော့ပြန်တိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဖမ်းဆီးခံထားရသူများထဲတွင် သာမန်အရပ်သား ပြည်သူများသာမက အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ၊ ပရဟိတသမားများ၊ အမျိုးသမီးများ၊ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများလည်းပါဝင်နေသည်ဟု မိသားစုဝင်များနှင့်
စောင့်ကြည့်လေ့လာနေသူများက ဆိုကြသည်။
ထိုအပြင် စစ်ကောင်စီ၏ စစ်တပ်၊ နယ်ခြားစောင့်၊ ရဲစသည့် လက်နက်ကိုင်အဖွဲ့များမှ ရခိုင်လူမျိုး အရာရှိနှင့် တပ်ဖွဲ့ဝင်များအပြင် ဆရာဝန်၊ ပညာရေးမှူး စသည့် ဌာနဆိုင်ရာပေါင်းစုံမှ ဝန်ထမ်းများနှင့် ထွေအုပ်၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ စသည့် စစ်ကောင်စီ၏ လက်အောက်ခံ ဝန်ထမ်းအများအပြားလည်း ပါဝင်နေသည်ဟု မိသားစုဝင်များနှင့် ရခိုင်ပြည်သူများက ဆိုကြသည်။
ထို မတရားဖမ်းဆီးခံထားရသူများကို အပစ်ရပ်ထားသည့် ကာလတွင် ပြန်လွှတ်ပေးရန် မိသားစုဝင်များက မျှော်လင့်နေကြသော်လည်း စစ်ကောင်စီ၏ အရာရှိကြီးအချို့ကမူ ထပ်မံဖမ်းဆီးမည့် ဒေသခံရခိုင်ပြည်သူ သုံးထောင်ကျော်နှင့် ငါးထောင်ကြားစာရင်းကို စစ်ကောင်စီက အဆင်သင့်ပြုစုလုပ်ထားပြီးသား ဖြစ်နေသည်ဟု MPA သို့ ပြောဆိုထားသည်။