ရခိုင်တွင် စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA ) တို့ကြား ရုတ်တရက် ယာယီအပစ်ရပ်ထားသော်လည်း စစ်ကောင်စီဘက်က တပ်စခန်းအသစ်များ ထပ်ဆောက်လှုပ်ရှားနေသည်ဟု ဒေသခံပြည်သူများက ဆိုကြသည်။
အဆိုပါနေရာများမှာ ကျောက်တော်-ပလက်ဝကြား တင်းမကြီးကျေးရွာအနီး ကုလားတန်မြစ်ကမ်းဘေးတွင် ရေကြောင်းစစ်ဆေးစောင့်ကြည့်ရေး လက်နက်ကြီးအထိုင်စခန်းတစ်ခုကို မောင်တောမြောက်ပိုင်းတွင် အခိုင်အမာတည်ဆောက် လှုပ်ရှားနေကြောင်း ဆိုကြသည်။
ထို တင်းမကျေးရွာမှာ ကုလားတန်းမြစ်ကမ်းဘေးတွင်တည်ရှိသဖြင့် ကုလားတန်စီမံကိန်းမှ သင်္ဘောများပြေးဆွဲရာတွင် လုံခြုံရေးယူပေးရန်နှင့် ချင်းနှင့်ရခိုင်ကြား စစ်ရေး၊ စီးပွားရေး၊ ဆက်သွယ်ရေးအတွက် အရေးပါသည့် ကြားခံတစ်နေဖြစ်ကြောင်းလည်း ဆိုကြသည်။
” ကမ်းထိုးရေယာဥ်တွေ ကမ်းကပ်ဖို့နေရာကအစ ဘန်ကာတွေ ခြံစည်ရိုးတွေနဲ့ သေချာအခိုင်အမာ တည်ဆောက်ထားတာပါ။ အဲဒီက ဖြတ်သွားတဲ့ ရေယာဥ်တိုင်းကို ခေါ်ယူစစ်ဆေးနေပါပြီ” ဟု ကိုယ်တိုင်မြင်တွေ့ခဲ့ရသူတစ်ဦးက MPA သို့ ပြောသည်။
ထို့အပြင် မောင်တောမြောက်ပိုင်းမှ ဝက်ကျိန်းစခန်းတွင်လည်း အခိုင်အမာပြန်လည်တည်ဆောက်ပြီး လက်နက်ကြီးများပါ တပ်ဆင်ထားသည်ဟုလည်း ဆိုကြသည်။
နှစ်ဘက်စစ်ရေးတင်းမာမှု အမြင့်ဆုံးအချိန်တွင် ဂျပန်နိုင်ငံမှ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံအစိုးရ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ဆောင်ရွက်ပေးမှုကြောင့် ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ ရက်နေ့က ယာယီအပစ်ရပ်လိုက်ကြသည်။
ထိုအပစ်ရပ်မှုကို ရက္ခိုင့်တပ်တော် (AA) က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီအပစ်ရပ်တန့်ခြင်း (Humanitarian Pause) ဟု တရားဝင်ထုတ်ဖော်ပြောဆိုပြီး ဒေသခံ ရခိုင်တောင်သူလယ်သမားများ၏ မိုးစပါးများကို ကူညီရိတ်သိမ်းပေးနေကြောင်း ရုပ်သံဖိုင်များနှင့် ထုတ်ပြန်ထားသည်။
စစ်ကောင်စီကမူ ပြီးခဲ့သည့်နိုဝင်ဘာလ ၂၇ ရက်နေ့မှစတင်ပြီး ကမ်းထိုးရေယာဥ်၊ နေဗီကြီးများဖြင့် လက်နက်ရိက္ခာစစ်သည်များအား ပို့ဆောင်ဖြည့်တင်းနေသည်ဟု ရခိုင်ပြည်သူများက ဆိုကြသည်။
” စစ်တပ်ကတော့ ထိုးစစ်ဆင်ဖို့ကြိုတင်ပြင်ဆင်အားယူနေတာလို့ မြင်ပါတယ်။ သူတို့ရှုံးနိမ့်ခဲ့တဲ့ အင်အားနည်းတယ်လို့ ယူဆတဲ့နေရာတွေမှာ အင်အားဖြည့်တာ၊ တပ်စခန်းအသစ်ဆောက်တာ၊ လက်နက်ကြီးတွေတည်တာကို အဓိကတွေ့နေရပါတယ်” ဟု ရခိုင်စစ်ရေး စောင့်ကြည့် လေ့လာသူ တစ်ဦးက MPA သို့ ဆိုသည်။
စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား တကျော့ပြန်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မောင်တောမြောက်ပိုင်းနှင့် ပလက်ဝတွင် စစ်ကောင်စီ၏ တပ်စခန်း ၃၀ ခန့်ကို အေအေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ၏ တပ်စခန်း ၁၀၀ နီးပါး ဆုတ်ခွာခဲ့ရသည်ဟု အေအေနှင့် ဒေသတွင်း သတင်းရင်းမြစ်များက ဆိုကြသည်။
အေအေဘက်က ဘင်္ဂလား၊ အိန္ဒိယ၊ မြန်မာနယ်စပ်တစ်ခုလုံးကို အပြီးတိုင် သိမ်းပိုက်ရယူထိန်းချုပ်နိုင်ရန် အင်အားသောင်းနှင့်ချီပြီး အသုံးပြုတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီကလည်း တပ် မ ၅ ခုနှင့် အခြားဒေသများမှ ကြည်းတပ်၊ ရေတပ်များကိုလည်း ဖြည့်တင်းတိုက်ခိုက်ခဲ့သည်ဟု အေအေနှင့် စစ်ရေးစောင့်ကြည့်နေသူများက ဆိုကြသည်။
ပြီးခဲ့သည့် တကျော့ပြန်ရခိုင်တိုက်ပွဲတွင် ကြည်း၊ ရေ၊ လေအထိ အသုံးပြုတိုက်ခိုက်ခဲ့သည့် စစ်ကောင်စီသည် အေအေကို တိုက်၍ မနိုင်ခဲ့သဖြင့် တပ်စခန်းအသစ်များတည်ဆောက်ကာ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ရန် ပြင်ဆင်ကြိုးစားနေသည်ဟု စစ်ကောင်စီတပ်၏ အရာရှိကြီးအချို့က အတည်ပြုပြောကြသည်။