ရခိုင်တွင် အပစ်ရပ်ထားသော်လည်း အကြမ်းဖက်စစ်တပ်လက်အောက်ခံဌာန ဆိုင်ရာများတွင် အလုပ်လုပ်နေကြသည့် မောင်တောခရိုင်မှ ဒေသခံ ၄၀၀ခန့်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးရန်ကြိုးစားနေသည်ဟု စစ်ကောင်စီအသိုင်းအဝိုင်းက ဆိုသည်။
အဆိုပါစာရင်းတွင် အကြမ်းဖက်စစ်တပ်၏ အထွေထွေအုပ်ချုပ်ရေးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နယ်ခြားစောင့်၊ရဲသတင်းတပ်ဖွဲ့၊ ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများအပြင် ရခိုင်ဖက်လူမှုအဖွဲ့အစည်းများ၊ ကုန်သည်များ၊ သတင်းသမားတချို့နှင့် ဒေသခံများလည်း ပါဝင်သည်ဟု စစ်ကောင်စီအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။
ထိုဖမ်းဆီးမည့်စာရင်းကို အကြမ်းဖက်စစ်တပ်က တကျော့ပြန် ရခိုင်တိုက်ပွဲမရပ်တန့်ခင်ကတည်းက ရရှိထားပြီးထိုအချိန်ကတည်းက ဖမ်းဆီးတရားစွဲဆိုခံထားရသူအချို့လည်း ရှိနေကြောင်းလည်း ဆိုကြသည်။
” ဖမ်းဆီးခံထားရသူတွေက ရသွားတဲ့အချက်အလက်တွေ၊ နောက်ပြီး ULA ဘက်က ဖမ်းရသူတချို့က စာရင်းတွေ အဓိကရသွားတာကို စသုံးလုံးက စစ်တပ်ကိုပေးလိုက်တာ၊ အဲဒါကို စစ်တပ်က ရဲနဲ့ထွေအုပ်ကို ပြန်ခိုင်းတာပေါ့” ဟု မောင်တောခရိုင်မှ စစ်ကောင်စီအရာရှိတစ်ဦးက MPA သို့ပြောသည်။
ထိုဖမ်းဆီးမည့်စာရင်းတွင် ဒေသခံအများဆုံးပါဝင်ပြီး ဒုတိယအများဆုံးမှာ မောင်တောခရိုင်ပညာရေးဌာနမှဖြစ်ကာ နယ်ခြားစောင့်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရခိုင်လူမျိုးများလည်းပါဝင်သည်ဟု ၎င်းအရာရှိက ထပ်လောင်းအတည်ပြုပြောကြားသည်။
ထို့အပြင် မောင်တောခရိုင်ကျန်းမာရေးဌာနမှ ဝန်ထမ်းအချို့နှင့် အခြားဌာနဆိုင်ရာဝန်ထမ်းအချို့ အပါအဝင် မောင်တောခရိုင်မှ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များလည်းပါဝင်သည်ဟု ဆိုကြသည်။
ထိုသူများမှာ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA) အဖွဲ့ဝင်ဖြစ်ခြင်း၊ ရက္ခိုင့်တပ်တော် (AA) အတွက် ငွေကြေးကောက်ခံပေးခြင်း၊ စားနပ်ရိက္ခာ၊ ဆေးဝါး၊ သတင်းအချက်အလက်များ ပေးပို့ကူညီခြင်း စသည့်အချက်များကြောင့်ဟု စစ်ကောင်စီအသိုင်းအဝိုင်းက ဆိုကြသည်။
မောင်တောမြောက်ပိုင်းက စတင်ခဲ့သည့် တကျော့ပြန်ရခိုင်တိုက်ပွဲ စတင်စဥ်မှ ယနေ့အထိ အကြမ်းဖက်စစ်တပ်က မောင်တောခရိုင်မှ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ ရက်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်များ၊ ကုန်သည်များနှင့် ဒေသခံပြည်သူ အချို့ကို ULA/AA နှင့် ဆက်စပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးအမှုဖွင့်တရားစွဲဆိုထားသည်။
ထိုစာရင်းထဲမှ နောက်ထပ်ကျန်ရှိနေသူများကို အမည်၊ နေရပ်လိပ်စာအတိအကျဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများတဆင့် ရှာဖွေစုံစမ်းဖမ်းဆီးခိုင်းနေခြင်းဖြစ်သည်ဟု မောင်တောခရိုင်မှ ရဲအရာရှိကြီးတစ်ဦးက အတည်ပြုပြောကြားသည်။
” ရခိုင်သားရဲတွေ၊ နယ်ခြားစောင့်တွေလည်း ဖမ်းမယ့်စာရင်းထဲမှာ ပါပါတယ်။ အဓိကအေအေဆီသို့ အတွင်းသတင်း၊ ကြေးနန်းစာတွေ ရောက်သွားတာရယ်။ ငွေကြေးထောက်ပံ့တယ်ဆိုတာ ရယ်ကြောင့်ပါ။ အထက်ကတခါတည်းညွှန်ကြားလာတာပါ” ဟု ၎င်းက MPA သို့ ပြောသည်။
ထိုစာရင်းတွင် ပါနေသူအများအပြား၏ နေအိမ်များအားဝင်ရောက်ရှာဖွေမှုများ အကြိမ်ကြိမ် ဝင်ရောက်ရှာဖွေမေးမြန်းမှုများလည်း ခံခဲ့ကြရသည်ဟု ကာယကံရှင်များ၊ မိသားစုဝင်များနှင့် မြို့ခံများက ဆိုသည်။
ထိုစာရင်းထဲတွင် ပါသည့်ဌာနဆိုင်ရာဝန်ထမ်းအချို့၏ အမည်ကြောင့် ထိုဌာနမှအရာရှိများလည်း ဖိအားပေးငြိုငြင်ခံရမှုများရှိနေပြီး ဌာနတွင်း စာထုတ်ကာအတင်းလက်မှတ်ထိုးဖို့စေခိုင်းမှု များလည်းရှိသည်ဟု မောင်တောခရိုင်မှ ဌာနဆိုင်ရာအရာရှိများက ဆိုကြသည်။
” ကျွန်တော့် အိမ်ကိုတော့ သုံးကြိမ်ထက် မနည်းလာရှာလာမေးခံရပါတယ်။ အခုနောက်ပိုင်းဆိုရင် မိသားစုတွေကိုရော ဘယ်မှာနေလဲ။ ဘာတွေလုပ်သလဲကအစ မေးပါတယ်” ဟု မောင်တောမြို့ပေါ်မှ ယာယီတိမ်းရှောင်နေသူတစ်ဦးက MPA သို့ ပြောသည်။
အကြမ်းဖက်စစ်တပ်ဖမ်းဆီးတရားစွဲဆိုထားသည့် မောင်တောခရိုင်မှ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းဝင်အချို့၊ တက္ကသိုလ်ကျောင်း သား၊ ကျောင်းသူအချို့နှင့် ဒေသခံများအား မိသားစုဝင်များတွေ့ဆုံခွင့်မရကြဟုလည်း ဆိုကြသည်။
ထိုသူအားလုံးကို မတရားအသင်းအက် ဥပဒေပုဒ်မ ၁၇ (၁ ) (၂) အပြင် အခြားပုဒ်မများဖြင့်လည်း အမှုဖွင့်တရားစွဲဆိုထားပြီး ယာယီတိမ်းရှောင်နေသူအချို့ကို ဝရမ်းပြေးအဖြစ်သတ်မှတ်မှုများပြု လုပ်ထားကာ ပုဒ်မ ၇ ခုအထိ အမှုဖွင့်ခံထားရသူအချို့လည်းရှိကြောင်း သတင်းရင်းမြစ်များက MPA သို့ ပြောသည်။
ပြီးခဲ့သည့်နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်ဖမ်းဆီးမည့်စာရင်းတွင် ပါဝင်နေသော မောင်တောမြို့ခံ၊ ထွေအုပ်ဝန်ထမ်းတစ်ဦးကို နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးသွားပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မိသားစုဝင်များက ဆိုသည်။
ထိုမောင်တောခရိုင်နေ ရခိုင်လူမျိုးများကိုသာမက ရိုဟင်ဂျာများကိုလည်း အေအေနှင့် မပတ်သက်ရန်၊ အေအေကို ကူညီထောက်ပံ့မှုများမပြုလုပ်ရန်လ ည်း အကြမ်းဖက်စစ်တပ်မှ ဖိအားပေး ခြိမ်းခြောက်ပြောဆိုမှုများရှိကြောင်းလည်း ရိုဟင်ဂျာများက ဆိုကြသည်။