ရန်ကုန်မြို့ဈေးများတွင် နံနံပင်တစ်ပိဿာလျှင် ကျပ်သုံးသောင်းအထိ ဈေးမြင့်တက်သွားကြောင်း သိရသည်။
နံနံပင် တစ်ပိဿာလျှင် ယခင် ၈၀၀၀ ကျပ်မှ ယနေ့တွင် တစ်ပိဿာ နှစ်သောင်းကျပ်မှ သုံးသောင်းကျပ်အထိ မြင့်တက်လာပြီး သား၊ ငါးဈေးထက်ပင်ပိုဈေးကြီးလာကြောင်း ကြည့်မြင်တိုင်ညဈေးတွင် ကုန်စိမ်းရောင်းချသူတစ်ဦးက ပြောသည်။
“ နံနံပင်ဈေးက သားငါးဈေးထက်မြင့်သွားပြီ။ အခု ဒညင်းကုန်းဈေးမှာတောင် တစ်ပိဿာကို နှစ်သောင်းနီးပါးဝယ်ရတယ်။ အခုက အနည်းဆုံး ငါးရာဖိုးဝယ်မှ ရောင်းတော့တယ်။ လေးပင်လောက်ပါတာပေါ့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကြက်သားတစ်ပိဿာဈေး ၁၂၀၀၀ ကျပ်မှ ၁၄၀၀၀ ကျပ်ကြားဖြစ်နေချိန်တွင် နံနံပင် တစ်ပိဿာ ၂၀၀၀၀ ကျပ်မှ ၃၀၀၀၀ ကျပ်ကြားရောင်းချနေရခြင်းမှာ ရန်ကုန်အတွင်းရှိ အလှူမင်္ဂလာပွဲများ ရက်ဆက်ရှိကာ နံနံပင်ပြတ်လပ်သွားခြင်းကြောင့် ဖြစ်နိုင်ကြောင်း ကုန်စိမ်းရောင်းချသူတို့က မှတ်ချက်ပေးသည်။
ရပ်ကွက်ဈေးများတွင် နံနံပင် တစ်စည်းကျပ်ငါးရာအထိ ဈေးမြင့်တက်လာသဖြင့် ရန်ကုန်မုန့်ဟင်းခါး ဆိုင်များစွာတွင် နံနံပင်မပေးတော့ကြောင်း ပန်းဘဲတန်းမြို့နယ်အတွင်း မုန့်ဟင်းခါးရောင်းချသူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့မှစတင်၍ ရန်ကုန်မြို့တွင်း မြို့နယ်များရှိ မုန့်ဟင်းခါးဆိုင်အချို့တွင် နံနံပင်အစား ပဲသီးများသာ အသုံးပြုလာပြီး နံနံပင်တစ်စည်း သုံးရာကျပ်အထိ မြင့်တက်လာကြောင်း ၎င်းက ပြောသည်။
“ နံနံပင်ဈေးက တစ်ကယ်ကို အရမ်းတက်သွားတာ။ အခု တစ်ပင်ကို နှစ်ရာတန်တယ်။ အရင်က ၁၀၀ ဖိုး တစ်စည်းလောက်ရတာကို အခု ၅၀၀ ဖိုးဝယ်တောင် လေးပင်လောက်ပဲ ပါတော့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းနှင့် ညပိုင်းက ရန်ကုန်ရှိ မင်္ဂလာတောင်ညွန့် ညပိုင်းဈေး၊ ဆိပ်ကမ်းသာလမ်းဈေး၊ ဂွဈေးနှင့် မြို့နယ်အချို့ရှိဈေးတန်းများတွင် နံနံပင်များကို ရောင်းချခြင်းမရှိကြောင်း MPA ၏ မြေပြင်သတင်းထောက်မှ အတည်ပြုပေးပို့ထားသည်။