အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားကြိုးပေးစီရင်ခြင်းကို ခံခဲ့ရတဲ့ ကိုဇေယျာသော်ကို ဂုဏ်ပြုတဲ့အပြင် တရားမျှမှုတွေအတွက် အမှတ်တရဖြစ်အောင် End Game-Union Multiplayer ကနေပြီး ဇေယျာသော် ဂိမ်းဇာတ်ကောင်ကို ဖန်တီးလိုက်ပါတယ်။
ကိုဇေယျာသော်ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားကြိုးပေးတာကို ခံခဲ့ရပေမဲ့ အခုအခါမှာတော့ ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူလူထုထံကို ပြန်လည်ရောက်ရှိလာပါပြီ။ ဂိမ်းဖန်တီးသူတွေဟာ ကိုဇေယျာသော်နဲ့ ချွတ်စွပ်တူတဲ့ ဂိမ်းဇာတ်ကောင်ကို အသက်သွင်းထားပါတယ်။
“ကျွန်တော်ကတော့ ဂိမ်းကို ရေရှည်မျှော်မှန်းထားတဲ့သူဖြစ်တဲ့အတွက်ကြောင့် ဂိမ်းနဲ့ ပတ်သက်ပြီးတော့ မကြာမကြာလည်း အပ်ဒိတ်လေးတွေလုပ်ပေးသွားပါမယ်။ နောက်လည်း ဒီဂိမ်းကို ပွဲလေးတွေ Event လေးတွေလုပ်ပေးပြီး အားလုံး ဝင်ကလစ်နိုင်အောင် ဆက်ပြီးတော့ ဖန်တီးပေးသွားပါမယ်”လို့ End Game-Union Multiplayer ဂိမ်း ဖန်တီးသူတွေက MPA သို့ အသိပေးထားပါတယ်။
ဂိမ်းဖန်တီးသူတွေဟာ ကိုဇေယျာသော်ရဲ့ မျက်လုံးအောက်မှာရှိတဲ့ မှဲ့ကအစ အသေးစိတ် ဖန်တီးပြုလုပ်ထားသလို ခန္ဓာကိုယ်မှာရှိတဲ့ တက်တူးတွေကိုပါ နေ့ရောညပါ အနီးစပ်ဆုံးတူနေအောင် ကြိုးပမ်းပြုလုပ်ထားတယ်လို့လည်း ဆိုပါတယ်။
“ကျွန်တော်တို့ Team အနေနဲ့ ဒီဂိမ်းကို မျှော်မှန်းထားတာက လိုကယ်မှာ အစားထိုးနိုင်လောက်တဲ့ ပုံစံမျိုးပေါ့နော်။ ဥပမာ လူငယ်တွေအနေနဲ့ PUBG တွေ call of duty တွေ အဲ့ဒီလို shooter game တွေ ဆော့နေမယ့်အစား အခု ဒီဂိမ်းကို ဆော့မယ်။ သူတို့လိုချင်တဲ့ ဖျော်ဖြေမှုလည်းရမယ်။ ထောက်ပို့ပြီးသားလည်း ဖြစ်မယ်။ အဲ့ဒီအတွက်ရည်စူးပြီးကို ကျွန်တော်တို့ဘက်က ဂိမ်းကို ပိုကောင်းအောင် ကြိုးစားပေးသွားပါမယ်”လို့ အသိပေးပါတယ်။
“ တော်လှန်စိတ်ဆိုတာ ဘယ်တော့မှ သတ်လို့မသေဘူး” လို့ ကိုဇေယျာသော်ရဲ့ ဇနီးလောင်း မသဇင်မြင့်အောင် ပြောထားတဲ့အတိုင်း အကြမ်းဖက်စစ်တပ် ဖြုတ်ချရေးအတွက် တော်လှန်ရေးကို အရှိန်မြှင့်ဖို့ အခုဂိမ်းက တော်လှန်ပြည်သူတွေအတွက် စိတ်လှုပ်ရှားဖွယ်ရာတွေ ပြည့်နှက်နေတဲ့အပြင်ကို ကိုဇေယျာသော်နဲ့လည်း အနီးစပ်ဆုံး ရှိနေဦးမှာဖြစ်တယ်လို့ ဆိုလိုက်ချင်ပါတယ်။