“ကဗျာဆရာတစ်ယောက်မှာ သူရေးတဲ့ကဗျာတွေကလွဲရင် အခြားရောင်းစရာပိုင်ဆိုင်မှုလည်း မရှိပါဘူး။ တပ်တော်မှာ ရန်ပုံငွေလိုအပ်ချက် ကြီးမားနေလို့ ကဗျာစာအုပ်ကို ထုတ်ရောင်းရတာဖြစ်တယ်”
မောင်ဆောင်းခ (ကဗျာဆရာ)
မေး ။ ။ BPLA က တော်လှန်ရေးရန်ပုံငွေအဖြစ် ကဗျာဆရာ မောင်ဆောင်းခ၏ “နေကြာပန်းထရော်မာ” ကဗျာစာအုပ် (E-book) ကို ရောင်းချရတဲ့ ရည်ရွယ်ချက်တဲ့ရည်ရွယ်ချက်ပြောပေးပါဦး။
ဖြေ ။ ။ ကဗျာဆရာတစ်ယောက်မှာ သူရေးတဲ့ကဗျာတွေကလွဲရင် အခြားရောင်းစရာပိုင်ဆိုင်မှုလည်း မရှိပါဘူး။ တပ်တော်မှာ ရန်ပုံငွေလိုအပ်ချက် ကြီးမားနေလို့ ကဗျာစာအုပ်ကို ထုတ်ရောင်းရတာဖြစ်ပါတယ်။
မေး ။ ။ “နေကြာပန်းထရော်မာ” ကဗျာစာအုပ် ဘယ်လိုဖြစ်တည်လာတာလဲ ဒီကဗျာတွေကို ဘယ်တုန်းကရေးသားထားတာလဲ ပြောပြပေးပါဦး။
ဖြေ ။ ။ တချိန်ချိန်မှာ “နေကြာပန်းထရော်မာ” ခေါင်းစဥ်နဲ့ ကဗျာစာအုပ်ထုတ်မယ်ဆိုတာမျိုး ဟိုးအရင်ကတည်းက စဥ်းစားခဲ့တာရှိပါတယ်။ ကဗျာတွေကတော့ တိတ်တဆိတ်နာကျင်ရခြင်းတွေ ကဗျာစာအုပ်ထုတ်ဝေပြီး နောက်ပိုင်းနှစ်တွေမှာ ရေးဖြစ်ခဲ့တာတွေဖြစ်ပါတယ်။ တစ်နှစ်လုံးမှာမှ သုံးလေးပုဒ်လောက်ပဲရေးဖြစ်ခဲ့တာဖြစ်လို့ ကဗျာအရေအတွက်တော့ နည်းပါတယ်။
မေး ။ ။ ဒီကဗျာစာအုပ်မှာ ဘယ်လိုကဗျာပုံစံတွေ ဘယ်လိုရသတွေပါလဲ။ နောက်ပြီးကဗျာဘယ်နှပုဒ်ပါသလဲ။
ဖြေ ။ ။ ကဗျာတွေကတော့ အခွင့်အခါလည်းကြုံပြီး ရေးချင်တဲ့စေ့ဆော်မှုတစ်ခုခုဖြစ်လာမှပဲ ရေးဖြစ်တော့တာဆိုတော့ ပုံစံမျိုးဖြစ်နေမှာပါ။ အချစ်ကဗျာနဲ့ တော်လှန်ရေးကဗျာတွေ အပုဒ်ရေ ၃၀ ကျော်ပဲ ပါပါတယ်။
မေး ။ ။ အခုကဗျာစာအုပ် ဘယ်နှအုပ်လောက် ရောင်းရပြီလဲ။ ဘယ်နှအုပ်ထိရောင်းချနိုင်ဖို့မျှော်လင့်ထားလဲ။
ဖြေ ။ ။ ကဗျာစာအုပ်ကို အုပ်ရေ ၁၀၀၀ လောက်ပဲ ရောင်းချသွားဖို့စဥ်းစားထားပါတယ်။ လတ်တလောတော့ ကဗျာစာအုပ်ထုတ်တာ သိပ်မသိကြသေးတော့ လာဝယ်တဲ့သူလည်း အနည်းငယ်ပဲရှိပါသေးတယ်။
ဆရာမောင်ဆောင်း၏ ကဗျာစာအုပ် E-bookကို မြန်မာငွေ တစ်သောင်းကျပ်နှင့် ဝယ်ယူပြီး “ ကဗျာစာအုပ်ဝယ်ယူ ကံစမ်းရင်းကူ” နားကပ်တစ်ရံ ကံစမ်းနိုင်မည့် အခွင့်အရေးလည်း ရှိသည်ဟုဆိုသည်။ တပ်တော်၏ ရန်ပုံငွေအတွက်ဖြစ်၍ တစ်ဦးလျှင် အုပ်ရေအကန့်အသတ်မရှိ ဝယ်ယူနိုင်သည်ဟုဆိုသည်။
ထို ကဗျာစာအုပ်တစ်အုပ်ဝယ်ယူလျှင် မေတ္တာလက်ဆောင်ကံစမ်းမဲ လက်မှတ်တစ်စောင်ရရှိမည်ဖြစ်ပြီး မွေးနေ့ရှင်တစ်ဦးက BPLA တပ်တော်ကို ပေးလှူထားသည့် နားကပ်တစ်ရံကို ကံစမ်းခွင့်ရရှိမည်ဖြစ်သည်။
ယခု ကဗျာစာအုပ်ကို ပြည်တွင်းအပြင် ပြည်ပမှလည်း ဝယ်ယူနိုင်အောင် စီစဥ်ထားပြီး ရောင်းချသွားမည့် နှုန်းထားများအနေဖြင့် မြန်မာကျပ်ငွေတစ်သောင်း ၊ 8 USD ၊ 8 SGD ၊200 THB ၊ 800 JPY ဟူ၍ သတ်မှတ်ထားသည်။
ကဗျာစာအုပ်ဝယ်ယူပြီး BPLA တပ်တော်ကို ထောက်ပံ့လိုပါက m.me/BPLAFundraisingTeam ကို ဆက်သွယ်ဝယ်ယူ ထောက်ပံ့နိုင်သည်ဟု ဆိုသည်။