မဲဆောက်မြို့ နေရာတချို့တွင် ယနေ့နံနက်ပိုင်းက လုံခြုံရေးအရ စစ်ဆေးမှုများ ရှိခဲ့ပြီး စစ်တပ်နှင့် ရဲအပါအဝင် အဖွဲ့စုံက လိုက်လံစစ်ဆေးကြောင်း မဲဆောက်မြို့ သတင်းအရင်းအမြစ်တစ်ဦးထံမှ သိရသည်။
ဇွန်လ ၁၈ ရက် ညပိုင်းတွင် ဂိုဏ်းစတားနှစ်ဖွဲ့ ရန်ဖြစ်ရင်းက သေနတ်ပစ်ခတ်မှုဖြစ်ရပ်တစ်ခု မဲဆောက်မြို့ လွမ်ဘုန်းတော်ကြီးကျောင်းအနီးတွင် ဖြစ်ပွားခဲ့သည်ဟု မြဝတီနှင့် မဲဆောက်မီဒီယာက ယမန်နေ့က ဖော်ပြထားသည်။
“ဖိုးထူးကုန်း (လက်ဖက်ရည်ဆိုင်) အနီးတဝိုက်ကို လာစစ်တာပါ။ အဖွဲ့အစည်းအစုံပဲ။ တောမောင်းတွေ၊ ပုလိပ်တွေ၊ ထောက်လှမ်းရေးတွေရော လာတာပါ။ ရန်ဖြစ်တာနဲ့ ပတ်သက်ပြီး လာစစ်တာလို့ သိရပါတယ်။ အခုတော့ မရှိတော့ဘူး။ ပြန်သွားကြပြီ”ဟု မဲဆောက်မြို့ခံ သတင်းအရင်းအမြစ်တစ်ဦးက MPA သို့ ပြောပြသည်။
ထိုင်းနိုင်ငံရှိ မြန်မာနှင့် နီးစပ်သည့် နယ်စပ်မြို့များတွင် လက်နက်မှောင်ခိုဖမ်းဆီး ရမှုများနှင့် တရားမဝင် လာရောက်ကြသည့် အလုပ်သမားများအား ဖမ်းဆီးရမှုများ မကြာခဏဆိုသလို ဖြစ်ပွားနေသည်။
ဇွန်လ ၁၃ ရက်နေ့ကလည်း ထိုင်းနိုင်ငံမှုခင်းနှိမ်နင်းရေးအဖွဲ့က မြန်မာနိုင်ငံသို့ လက်နက်များရောင်းချနေသည့် အဖွဲ့ကို ဖမ်းဆီးရမိခဲ့သေးသည်။
ယင်းအဖွဲ့မှာ ထိုင်းနိုင်ငံ ခရိုင် ၅ ခုတွင် တရားမဝင်လက်နက် အရောင်းအဝယ်ပြုလုပ်နေသည့်အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်ပြီး မြန်မာနိုင်ငံကို လက်နက်ရောင်းချနေသည့် ကွင်းဆက်အဖွဲ့ဖြစ်သည်ဟု ထိုင်းနိုင်ငံမှုခင်းနှိမ်နင်းရေးအဖွဲ့က ထုတ်ပြန်အသိပေးထားသည်။
“အရင်ကတည်းက လာစစ်တော့မယ်လို့အသံကြားရင် အပြင်ထွက်တာတွေမလုပ်ဘဲ အိမ်မှာနေကြတာများပါတယ်။ အထောက်အထားမရှိသူတွေအတွက်ကတော့ မဲဆောက်သတင်းတချို့ကို နားထောင်ရင်းပဲ နေနေရတာပါ။ လတ်တလောအနေအထားကတော့ တစ်ပတ်လောက် မထွက်တာကောင်းပါတယ်”ဟု မဲဆောက်တွင် တရားမဝင်ရောက်ရှိနေသူတစ်ဦးက ပြောပြသည်။
ထိုင်းတာဝန်ရှိသူများသည် သတင်းရ၍ တစ်နေရာတည်းတွင် စစ်ဆေးခြင်းမျိုးမဟုတ်ဘဲ မြန်မာများ အများဆုံးရှိတတ်သည့် နေရာတချို့ကိုလည်း အဓိက စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း စုံစမ်းသိရှိရသည်။