တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်နိုင်ငံအစိုးရ၏ ကြားဝင်စေ့စပ်မှုအရ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ မတ်လ ၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပြီး သဘောတူညီချက်အချို့ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်၏ ဒုစစ်ဦးစီးချုပ်က မတ်လ ၄ ရက်တွင် ပြုလုပ်သော ရက္ခိုင့်တော်၏ ၈ ကြိမ်မြောက်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
“မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်ကောင်စီတို့ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တရုတ်နိုင်ငံထဲမှာ ဆွေးနွေးနေတာ ၃၊ ၄ ကြိမ်ရှိပါပြီ။ အပစ်အခတ်ရပ်စဲရေးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့တည်းက သဘောတူထားပြီးဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲတာက အဲ့ဒီကတည်းက စတင်အသက်ဝင်ခဲ့ပါတယ်။ အခုဆွေးနွေးပွဲမှာလည်းရရှိခဲ့တဲ့ သဘောတူညီချက်တွေနဲ့ သိသင့်သိထိုက်တဲ့အချက်အလတ်တွေကိုလည်း ထုတ်ပြန်သွားဖို့လည်း အစီအစဉ်ရှိပါတယ်”ဟု ရက္ခိုင့်တပ်တော်၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ပြောသည်။
တရုတ်နိုင်ငံအစိုးရ၏ ကြားဝင်စေ့စပ်မှုအရ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ ဆွေးနွေးခဲ့ရာတွင် သဘောတူညီချက် ၆ ချက်အထိရရှိခဲ့ကြောင်း ကနဦးသတင်းများအရသိရပြီး ရက္ခိုင့်တပ်တော်၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏ ပြောကြားချက်အရ သဘောတူညီချက်အချက်အချို့သာ မှန်ကန်ကြောင်း သိရသည်။
သဘောတူညီချက်တွင် ကိုးကန့်ဒေသတွင် MNDAA အား ရှမ်းပြည်နယ်အထူးဒေသတရားဝင်အစိုးရအဖြစ်လည်းကောင်း၊ သိမ်းယူထားသောမြို့များအား ၎င်းတို့အပိုင်အဖြစ် စစ်ကောင်စီအသိအမှတ်ပြုခဲ့ကြောင်း၊ သဘောတူညီထားသောနယ်မြေများတွင် နှစ်ဘက်စလုံးမှတပ်များ ရှေ့ဆက်မတိုးရေး၊ ညီနောင်မဟာမိတ် ၃ ဖွဲ့အနေဖြင့် တရုတ်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွား ထိခိုက်မှုမှန်သမျှအား ရှောင်ရှားရေးနှင့် ကာကွယ်စောင့်ရှောက်ရန် စသဖြင့်တို့ ပါဝင်သည်။
“သဘောတူညီချက်တွေကတော့ မှန်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကိစ္စရပ်တွေဟာ တရုတ်ပြည်က လိုလားတဲ့ အချက်တွေဖြစ်လို့ပါ။ တရုတ်ပြည်ရဲ့ သဘောထားကို မလွန်ဆန်နိုင်တဲ့ ညီနောင် ၃ ဖွဲ့အနေနဲ့ကတော့ သဘောထားအရ လက်ခံပါလိမ့်မယ်။ ညီနောင် ၃ ဖွဲ့ရော စစ်ကောင်စီရောက မလွန်ဆန်နိုင်တဲ့အတွက် တရုတ်နိုင်ငံရဲ့ သက်ရောက်မှုကတော့ ၇၀ ရာခိုင်နှုန်းလောက်ရှိပါတယ်။ ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကတော့ အလျှော့အတင်းရှိနိုင်တယ်လို့ ယူဆပါတယ်”ဟု မြန်မာ့နိုင်ငံအရေးလေ့လောသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်သည်။
တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်နိုင်ငံအစိုးရ၏ ကြားဝင်စေ့စပ်မှုအရ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင်ရရှိခဲ့သော သဘောတူညီချက်များ၌ ချင်းရွှေဟော်တွင် စစ်ကောင်စီ၏ အကောက်ခွန်၊ ကုန်စည်စစ်ဆေးရေး၊ လူဝင်မှုကြီးကြပ်ရေးတို့ကိုထားရှိမည်ဖြစ်ပြီး ကိုးကန့်နှင့် အလားတူအဖွဲ့အစည်းများက ပူးတွဲတာဝန်ယူရန်နှင့် ချင်းရွှေဟော်ဂိတ်မှ တရုတ်ပြည်နှင့် ကူးသန်းသွားလာမည့် ကုန်စည်များအပေါ် အခွန်စည်းကြပ် ကောက်ခံရရှိငွေ ၇၀ ရာခိုင်နှုန်းအား ညီနောင် ၃ ဖွဲ့ကိုယ်စား ကိုးကန့်အစိုးရကရယူကာ ကျန် ၃၀ ရာခိုင်နှုန်းအား စစ်ကောင်စီကရယူရန် သဘောတူညီခဲ့ကြောင်း သိရသည်။
“ပထမဆုံးစပြီး သတင်းကို ထုတ်လွှင့်တဲ့ သူအနေနဲ့ ဒီအချက်အလက်တွေပေါ်မှာ ဘယ်လိုရည်ရွယ်ချက်နဲ့ ဘယ်နေရာကနေရပြီး ထုတ်လွှင့်သလဲဆိုတာတော့ မသိပါဘူး။ သေသေချာချာပြောလို့ရတာကတော့ အရင်သဘောတူချက်တွေကို ဆက်ပြီးဆွေးနွေးနေပါတယ်။ အပစ်အခတ်ရပ်စဲရေးပိုလို့ ခိုင်မာဖို့အတွက်ဆက်ပြီးလုပ်နေပါတယ်။ တရုတ်-မြန်မာ နယ်စပ်ကိစ္စနဲ့ ကျားဖြန့်လုပ်ငန်းကိစ္စရပ်တွေ ဆက်မရှိဖို့ ကိစ္စတွေမရှိဖို့နဲ့ နယ်စပ်ထွက်ပေါက်တွေ ဘယ်လိုလည်ပတ်မလဲဆိုတာတွေ ပါပါတယ်။ ရာခိုင်နှုန်းကိစ္စကတော့ ဆွေးနွေးတာ မရှိပါဘူး”ဟု ရက္ခိုင့်တပ်တော်၏ ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင် ပြောသည်။
ရှမ်းမြောက်ဒေသတွင် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစတင်ကာ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး အားလုံးရပ်လုနီးပါးဖြစ်ခဲ့ရပြီး ပြီးခဲ့သည့် ရက်ပိုင်းကလည်း တရုတ်နိုင်ငံအစိုးရနှင့် ယူနန်ပြည်နယ်တာဝန်ရှိသူတို့ မြန်မာနိုင်ငံသို့ လာရောက်ကာ နယ်စပ်ကုန်သွယ်ရေးပြန်လည်ဖွင့်နိုင်ရန်အတွက် စစ်ကောင်စီနှင့် ဆွေးနွေးပြောဆိုကြောင်း သိရသည်။