စစ်ကောင်စီ၏ မြောက်ဦးမြို့အခြေစိုက် ရဲတပ်ရင်းတစ်ခုဖြစ်သော ၃၁ ရဲတပ်ရင်းကို ဖေဖော်ဝါရီ ၈ ရက်တွင် ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် မြောက်ဦးမြို့ကို အလုံးစုံသိမ်းပိုက်ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထံက သိရသည်။
“၃၁ ရဲတပ်ရင်းက သူတို့ အုပ်စိုးခဲ့တဲ့အချိန်တွေမှာဆို လက်လုပ်လက်စားပြည်သူတွေကို အကြောင်းမဲ့ ဖမ်းဆီးတာတွေရှိတယ်။ ညဘက်တွေဆိုလည်း လမ်းသွားလမ်းလာမလုပ်ရဲခဲ့ဘူး။ အခု အဲ့ဒီတပ်ရင်းလည်း AA လက်ထဲရောက်သွားပြီဆိုတော့ သူတို့ရဲ့ ဒုက္ခပေးတာတွေကနေ ဒေသခံတွေလွတ်သွားတာပေါ့”ဟု မြောက်ဦးမြို့ ဆင်ချဆိပ်ရွာတွင်နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
မြောက်ဦးမြို့တွင် ခမရ (၅၄၀)၊ (၃၇၇)၊ (၃၇၈) တပ်ရင်းများနှင့် အမှတ် (၃၁) ရဲတပ်ရင်းတို့ တည်ရှိပြီး ယင်းတပ်ရင်းများသည် ရခိုင်ဒေသတွင်းဖြစ်ပွားလျက်ရှိသော တိုက်ပွဲကာလများအတွင်းတွင် မြောက်ဦးမြို့ဒေသခံပြည်သူများအား အကြောင်းမဲ့ စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများပြုလုပ်ခဲ့သလို လူသားဒိုင်းကာများအဖြစ်လည်း ဖမ်းဆီးသတ်ဖြတ်မှုများ ကျူးလွန်ခဲ့ကာ ရှေးဟောင်းအမွေအနှစ်များနှင့်သက်ဆိုင်သော အဆောက်အအုံများနှင့် စေတီပုထိုးများကိုလည်း ဖျက်ဆီးခဲ့ကြသည့် တပ်ရင်းများဖြစ်ကြောင်း ဒေသခံများကဆိုသည်။
“အခုလို သိမ်းတာတွေကတော့ ပြည်သူလူထုအတွက် ကောင်းသွားတာပေါ့။ ရက္ခိုင့်တပ်တော်က စစ်ကောင်စီရဲ့ တပ်ရင်းတွေကို သိမ်းနေတာက ကျွန်တော်တို့ ရခိုင်ပြည်သူတွေ ကောင်းဖို့အတွက် လုပ်နေတာလို့ပဲ ယုံကြည်တယ်။ အခုဆို တပ်တော်က မြို့ ၃ မြို့ကိုတောင် သိမ်းပိုက်ထိန်းချုပ်ထားတာဆိုတော့ ကျွန်တော်တို့ ပြည်သူတွေရဲ့ ယုံကြည်မှုက တပ်တော်အပေါ်မှာ ပိုပြီးရှိလာတာပေါ့။ မကြာခင်မှာလည်း ကျွန်တော်တို့ လူမျိုးတွေအတွက် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ရတော့မယ်လို့ ယုံတယ်”ဟု မြောက်ဦးမြို့ ခံတစ်ဦးက ပြောသည်။
မြောက်ဦးမြို့အခြေစိုက် စစ်ကောင်စီ၏ စကခ ၉ လက်အောက်ခံတပ်ရင်းများအနက်မှ ၅၄၀ တပ်ရင်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၃၀ ရက်တွင် ရက္ခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ရက္ခိုင့်တပ်တော်၏ ဖေဖော်ဝါရီ ၂ ရက် သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် ခမရ ၃၇၈ တပ်ရင်းအား ဖေဖော်ဝါရီ ၅ ရက်ကလည်းကောင်း၊ ၃၇၇ တပ်ရင်းကို ဖေဖော်ဝါရီလ ၇ ရက်က လည်းကောင်း ရက္ခိုင့်တပ်တော်က သိမ်းပိုက်ရရှိခဲ့ပြီး လက်ကျန်တပ်ရင်းဖြစ်သည့် အမှတ် ၃၁ ရဲတပ်ရင်းကို ဖေဖော်ဝါရီ ၈ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။