ရခိုင်ဒေသခံပြည်သူများအား လူသားဒိုင်းအဖြစ်ဖမ်းဆီးသတ်ဖြတ်ခဲ့သော စစ်ကောင်စီ၏ မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းကို ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း ဇန်နဝါရီ ၃၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
“၅၄၀ တပ်ရင်းက မြောက်ဦးမြို့အဝင်မှာ ရှိတာ။ တိုက်ပွဲတွေဖြစ်တိုင်း မြောက်ဦးမြို့ထဲကို လက်နက်ကြီးတွေ လက်နက်ငယ်တွေနဲ့လည်း ရမ်းပစ်တယ်။ မြောက်ဦးမြို့ခံတွေကိုလည်း အကြောင်းအရင်းမရှိ ဒုက္ခတွေပေးတဲ့ အဓိကတပ်ရင်းတစ်ခု ဖြစ်တယ်။ မြို့အဝင်မှာဆိုရင် သူတို့က ဂိတ်ချပြီးတော့ ပြည်သူတွေကို စစ်ဆေးတာတွေနဲ့ မသင်္ကာရင် ဖမ်းတာတွေလည်း လုပ်တယ်။ အခုလို တပ်တော်က သိမ်းလိုက်တော့ မြို့ထဲကို သူတို့ ရမ်းသမ်းပစ်တာတွေ မလုပ်နိုင်တော့ဘူးပေါ့။ ပြည်သူတွေလည်း သူတို့(စစ်ကောင်စီ)ပေးတဲ့ ဒုက္ခတွေကနဲ့ ဝေးသွားတာပေါ့” ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။
ခမရ ၅၄၀ တပ်ရင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက မြောက်ဦးဒေသခံအမျိုးသား ၃ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးသတ်ဖြတ်ခဲ့သဖြင့် ရက္ခိုင့်တပ်တော် AA က အဆိုပါကိစ္စရပ်အပေါ် ပြတ်ပြတ်သားသား လက်စားချေတုန့်ပြန်သွားမည်ဟု ပြောဆိုခဲ့ပြီးနောက် ဇန်နဝါရီ ၃၀ ရက်တွင်အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
“အခု တပ်တော်က သိမ်းလိုက်တဲ့ ၅၄၀ တပ်ရင်းက ရခိုင်ပြည်သူတွေကို ဖမ်းဆီးတာတွေ သတ်တာတွေနဲ့ ရှေးဟောင်းအမွေအနှစ်တွေကို အမျိုးမျိုးဖျက်ဆီးနေတာ။ ပြီးခဲ့တဲ့ရက်ကလည်း သူတို့ဆီကနေ လက်နက်ကြီးနဲ့ ပစ်လို့ အိမ်တွေမီးလောင်တယ်။ လူ ၄ ယောက်ထက်မနည်း သေပြီးတော့ ဒဏ်ရာရတာတွေလည်း ဖြစ်ခဲ့တယ်” ဟု ၅၄၀ တပ်ရင်းကပစ်ခတ်လိုက်သည့် လက်နက်ကြီးကြောင့် နေအိမ်မီးလောင်ဆုံးရှုံးခဲ့ရသည့် မြောက်ဦးမြို့ခံတစ်ဦးကဆိုသည်။
မြောက်ဦးမြို့အခြေစိုက် ခမရ ၅၄၀ တပ်ရင်းက ရခိုင်တိုက်ပွဲများအတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် မြောက်ဦးမြို့ ရှေးဟောင်းသုတေသနပြတိုက် ပြိုကျပျက်စီးကာ ရှေးဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးရခြင်း၊ ရှေးဟောင်းစေတီပုထိုးများ ကျည်ထိမှန်ခြင်းနှင့် မြောက်ဦးမြို့အား လျှပ်စစ်မီးပေးနေသော EPC ရုံး ပြိုကျပျက်ဆီးသွားသည့်အပြင် ဒေသခံပြည်သူများ၏ နေအိမ်များ မီးလောင်ပျက်စီးခြင်းများ ကြုံတွေ့ခဲ့ရသည်။