ရခိုင်တွင် လူသားချင်းစာနာထောက်ထားသည့် အကူအညီပေးမှုများကို အကန့်အသတ်ဖြင့် စစ်ကောင်စီက ပြန်လည်ခွင့်ပြုပေးလိုက်ကြောင်း သတင်းရရှိသည်။
အဆိုပါ ပြန်ခွင့်ပြုသည်ကို ” ယခုရက် သတ္တပတ်အတွင်း ရခိုင်ပြည်နယ် (မြောက်ပိုင်း) တွင် UNHCR နှင့် မိတ်ဖက်အဖွဲ့အစည်းများသည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ လက်ခံရရှိရေးလုပ်ငန်းများကို ပြန်လည် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်” ဟု ဇန်နဝါရီလ ၁၃ ရက်က ထုတ်ပြန်ထားသည်။
” အခုကတော့ မြို့ပေါ်တွေမှာ သွားလာခွင့်၊ ရိက္ခာဖြန့်ဝေခွင့်တွေရပါပြီ။ နယ်ဘက်တွေကိုတော့ သွားလာခွင့် မရသေးပါဘူး။ အကန့်အသတ်ရတာပါ။ သူတို့ကတော့ လုံခြံရေးစိတ်မချရသေးဘူးလို့ ပြောပါတယ်” ဟု ဘူးသီးတောင်မြို့ပေါ်မှ INGOs ဝန်ထမ်းတစ်ဦးက MPA သို့ ပြောသည်။
” ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလမှစ၍ ဖြန့်ဝေမှုလုပ်ငန်းများ ခေတ္တဆိုင်းငံ့ထားပြီးနောက် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ပဋိပက္ခဒဏ်ခံစားလျက်ရှိသော လူမှုအသိုင်းအဝန်းထံ အရေးပေါ်ကယ်ဆယ်ရေးပစ္စည်း ဖြန့်ဝေမှု လုပ်ငန်းများကို ပြန်လည် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်” ဟုလည်း ဆိုထားသည်။
” ခုတော့ အကူအညီတွေ နည်းနည်းလာပေးပါတယ်။ နိုင်ငံခြားအဖွဲ့အစည်းတွေကပါ။ ပစ္စည်းတချို့ပါပါတယ်” ဟု ဘူးသီးတောင်၊ လမ်းမကျောင်းစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက MPA သို့ ပြောသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများပြင်းထန်နေချိန် အာဏာသိမ်းစစ်ကောင်စီက ရခိုင်မှမြို့နယ် ၈ ခုသို့ လူသားချင်းစာ နာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလလယ်က တားမြစ်ကန့်ကတ်ထားခဲ့သည်။
ထိုကဲ့သို့ တားမြစ်ကန့်သတ်ထားခဲ့သဖြင့် ရိုဟင်ဂျာဒုက္ခသည်များအပါအဝင် စစ်ဘေးရှောင်များ စသည့် သိန်းနှင့်ချီသည့် ဒုက္ခသည်များမှာ စားဝတ်နေရေး၊ ကျန်းမာရေးစသည့် အခက်အခဲများကို ရင်ဆိုင်ခံစားခဲ့ကြရသည်ဟု ဆိုကြသည်။
ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးအပစ်အခတ်ရပ်စဲမှု ဟုဆိုပြီး နှစ်ဘက်နားလည်မှုဖြင့် ယာယီအပစ်ရပ်ထားခဲ့ကြသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ကြား ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲများကြောင့် ရွေ့ပြောင်းနေထိုင်သူဦးရေ ၁၆၀၀၀ ကျော်ရှိပြီး ယခင်နှင့် လက်ရှိ ပဋိပက္ခများကြောင့် ပြည်တွင်းရွေ့ပြောင်းနေထိုင်ကြရသူပေါင်း ၈၉၀၀၀ ကျော်အထိ ရှိလာပြီဟု UN OCHA က ယခုလအတွင်း ထုတ်ပြန်ထားသည်။