ရခိုင်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက ဒေသခံရခိုင်ပြည်သူများကို ခြိမ်းခြောက် အကျပ်ကိုင်ငွေတောင်းနေမှုများ ပြုလုပ်နေကြကြောင်း ဒေသခံပြည်သူများက ဆိုကြသည်။
ခြိမ်းခြောက်အကျပ်ကိုင်မှုများအနေဖြင့် ပြည်ပသို့ ရောက်နေသည့် သားသမီး၊ ဆွေးမျိုးရှိသူများ၊ ငွေကြေးချမ်းသာသူများနှင့် ရက္ခိုင်တပ်တော် (AA) ကို ထောက်ခံယုံကြည်သည့် ရခိုင်ပြည်သူများကို အဓိက ပစ်မှတ်ထားလုပ်ဆောင်နေသည်ဟု ဆိုကြသည်။
” ကျွန်တော့် ဆွေမျိုးတစ်ယောက်ကို သူ့အိမ်က လာခေါ်သွားတာပါ။ သူ့သမီးနိုင်ငံခြား ရောက်နေတာမို့ သူ့ဆီက ထောက်ခံစာယူပြီး ရဲစခန်းမှာ ဖြေရှင်းရမယ်ဆိုပြီးတော့ ခေါ်တာပါ။ ရဲစခန်းမသွားချင်ရင် သူ့ကို ပိုက်ဆံပေး၊ သူဖြေရှင်းပေးမယ်။ မဖြေရှင်းရင် တရားစွဲ ထောင ချခံရမယ်လို့ ခြိမ်းခြောက်ပါတယ်” ဟု ရခိုင်ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်အကျပ်ကိုင် ငွေတောင်းနေကြသည်မှာ ရခိုင်ပြည်နယ် တစ်ခုလုံးတွင်ဖြစ်ပြီး နှစ်ဘက်အပစ်ရပ်လိုက်ပြီးနောက် ပိုမို ပြုလုပ်လာနေကြသည်ဟုလည်း ဆိုကြသည်။
စစ်ကောင်စီခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးအများစုမှာ ၎င်းတို့ကိုယ်တိုင် နှစ်လုံး၊ သုံးလုံး ချဲလုပ်ခြင်း၊ လောင်းကစားဒိုင်လုပ်ခြင်းနှင့် မူးယစ်ဆေးဝါးရောင်းချနေကြသူများပင် ဖြစ်သည်ဟု ဒေသခံများက ဆိုကြသည်။
ထို အုပ်ချုပ်ရေးမှူးများသည် ဒေသခံရခိုင်လူမျိုးများကိုသာမက မြို၊ ခမီစသည့် လူနည်းစုများနှင့် ရိုဟင်ဂျာများကိုလည်း ထိုကဲ့သို့ ခြိမ်းခြောက်ပြောဆိုကာ ငွေကြေးတောင်းခံမှုများ ရှိနေသည်ဟု ရိုဟင်ဂျာများက ဆိုကြသည်။
” ရွာနားမှာ စခန်းချနေတဲ့ စစ်သားတွေနဲ့ပေါင်းပြီး အုပ်ချုပ်ရေးမှူးက ရွာသားတွေကို ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းနေတာကြပါပြီ။ ဆိုင်သည်တွေဆီက ဆိုရင် မပေးလို့မရပါဘူး။ အေအေကို ရိက္ခာပေးတယ်။ အာဆာဆီ ဆန်ပို့တယ်လို့ စစ်တပ်ကိုပြောလိုက်ရင် အဖမ်းခံရမယ်လို့ပြောပြီး တောင်းတာပါ” ဟု ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာမှ ရိုဟင်ဂျာ စျေးဆိုင်ပိုင်ရှင်တစ်ဦးက MPA သို့ ပြောသည်။
ရခိုင်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများထဲမှ ရသေ့တောင်မြို့နယ်မှ အယောက် ၂၀ ၊ပုဏ္ဏားကျွန်းမြို့နယ်မှ အယောက် ၇၀ အထိ နုတ်ထွက်စာ တင်ထားပြီး စစ်ကောင်စီကလည်း အေအေနှင့် ဆက်စပ်သည်ဟုဆိုပြီး ၎င်းတို့၏ အုပ်ချုပ်ရေးမှူးအချို့ကို ဖမ်းဆီးအမှုဖွင့်တရားစွဲဆိုထားသည်။
လာမည့်နှစ်အတွင်း စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်နေပြီး ထိုအတွက် လူသတ်ရမ်းကား ထောင်ထွက်များ၊ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျခဲ့သူများနှင့် မြို့ခံလူမိုက်၊ လူဆိုးများကို ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များအဖြစ် ခန့်ကာ ပြည်သူများအား ခြိမ်းခြောက် အကျပ်ကိုင်မှုများ လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်းလည်း ဝေဖန်ပြောဆိုနေကြသည်။
ထိုကဲ့သို့ အပြုအမူများကို ပြီးခဲ့သည့်ရက်ပိုင်းက ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ၊ဥက္ကာပျံရပ်ကွက်ရှိ ရာအိမ်မှူးတစ်ဦးက မလေးရှားနိုင်ငံသို့ သမီးတစ်ဦးရောက်နေသူ မိသားစုတစ်ဦးအား ခြိမ်းခြောက်အကျပ်ကိုင်ကာ ငွေတောင်းဖူးပြီး အခြားသူများကိုလည်း အေအေနှင့် ဆက်စပ်သည်၊ အေအေဝင်မိသားစုဝင်များရှိနေသည်၊ စစ်တပ်ကို သတင်းပေးလိုက်မည်ဟု ခြိမ်းခြောက်ပြောဆိုကာ ငွေတောင်းမှုများ ပြုလုပ်နေသည်ဟု မြို့ခံများက ဆိုကြသည်။
ပြီးခဲ့သည့် ရက်သတ္တပတ်က ရခိုင်ပြည်နယ်တစ်ခုလုံးရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအားလုံးကို ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သင်တန်းများ လုပ်ပေးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။